အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

နိုဝင်ဘာ ၁၀ ရက် ၊ ၂၀၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) ကလည်း NCA ၏ အနှစ်သာရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
