ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၀ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ကျန်အဆောက်အအုံ ၅၃ လုံးအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်နေ


နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံများကို ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့အထိ အဆောက်အအုံ ၁၀ လုံးကို ဖြိုချပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆောက်အအုံများကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ ယာဉ်ယန္တရားများ၊ ဖောက်ခွဲရေးများနှင့် လူအင်အားအသုံးပြု၍ တစ်လွှာချင်း စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိသည်။


ယခုအခါ ၆ ထပ်နှင့် ၅ ထပ် အဆောက်အအုံများအပါအဝင် စုစုပေါင်း အဆောက်အအုံ ၁၀ လုံးကို ဖြိုချပြီးစီးခဲ့ပြီဖြစ်ပြီး၊ ကျန်ရှိနေသေးသော တရားမဝင် အဆောက်အအုံ ၅၃ လုံးကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ တရားမဝင် လုပ်ငန်းများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



