ပဲခူးတွင် AI နည်းပညာသုံး စပါးအထူးဇုန်ဖော်ဆောင်ရန် IoT စနစ်များ တပ်ဆင်ပြီးစီး

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် AI နည်းပညာသုံး ခေတ်မီစိုက်ပျိုးရေး စပါးအထူးဇုန် ဖော်ဆောင်နိုင်ရန် အင်တာနက်ချိတ်ဆက် အချက်အလက်ကောက်ယူသည့် IoT စနစ်များ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအနီးရှိ စပါးအထူးဇုန်စီမံကိန်းနေရာသို့ သွားရောက်၍ မြန်မာအာကာသအေဂျင်စီက IoT Device များ တပ်ဆင်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါစီမံကိန်းသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် AI နည်းပညာနှင့် အချက်အလက်အခြေပြု နည်းပညာများ အသုံးပြု၍ စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ထို့ပြင် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များကို အသုံးပြုကာ စပါးစိုက်ဧရိယာနှင့် ထုတ်လုပ်မှုပမာဏ ခန့်မှန်းချက်များ ပိုမိုတိကျစေရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
စီမံကိန်းအောင်မြင်ပါက ရိုးရာစိုက်ပျိုးရေးနည်းလမ်းများမှ နည်းပညာနှင့် အချက်အလက်အခြေပြု ခေတ်မီစိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

