// | DailyBriefNews အင်တာနက်မှတစ်ဆင့် အနံ့များကိုရှူရှိုက်ပြီးပေးပို့နိုင်သည့် digital nose သိပ္ပံပညာရှင်များတီထွင် -

အင်တာနက်မှတစ်ဆင့် အနံ့များကိုရှူရှိုက်ပြီးပေးပို့နိုင်သည့် digital nose သိပ္ပံပညာရှင်များတီထွင်

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆

အသံ၊ ရုပ်ပုံနှင့် ဗီဒီယိုများကို မျှဝေသကဲ့သို့ အနံ့အသက်များကိုပါ အင်တာနက်မှတစ်ဆင့် ဒေတာအဖြစ် ပေးပို့မျှဝေနိုင်မည့် “Scentronic” ဟု အမည်ပေးထားသည့် ဒီဂျစ်တယ်နှာခေါင်းစနစ် (Digital Olfactory Interface) ကို အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ ပါရဂူဘွဲ့ သုတေသီ Chunyu Yang နှင့် သိပ္ပံပညာရှင်များက တီထွင်ထုတ်ဖော်နိုင်ခဲ့ပြီး Science Advances ဂျာနယ်တွင် အသေးစိတ် ထုတ်ပြန်ခဲ့ကြပါတယ်။

ယင်း Scentronic စနစ်၏ လုပ်ဆောင်ချက်အနေဖြင့် ပစ္စည်းများမှထွက်လာသည့် လေထဲပျံ့လွင့်လွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများကို ဓာတ်ငွေ့အာရုံခံကိရိယာ ၆ ခုပါဝင်သော အီလက်ထရွန်နစ်နှာခေါင်းက စစ်ဆေးပေးပြီး၊ ထွက်ပေါ်လာသည့် လျှပ်စစ်သင်္ကေတများကို AI စနစ်က ဘယ်အနံ့ဖြစ်ကြောင်း ခွဲခြားကာ ဒီဂျစ်တယ်အချက်အလက်အဖြစ် အင်တာနက်မှတစ်ဆင့် ပေးပို့ပေးခြင်း ဖြစ်သည်။ လက်ခံမည့်ဘက်ရှိ ကိရိယာတွင်မူ မွှေးရနံ့အရည်များနှင့် တစ်စက္ကန့်လျှင် အကြိမ် ၁၀၀,၀၀၀ ထက်မက တုန်ခါနိုင်သည့် ပလတ်စတစ်ပြားလေးများပါရှိကာ အင်တာနက်ပေါ်မှ အနံ့အစစ်များ စီးဆင်းလာခြင်းမဟုတ်ဘဲ လက်ခံစက်ရှိ ကိုယ်ပိုင်မွှေးရနံ့အရည်များကို အသုံးပြု၍ အနံ့အမှုန်အမွှားမြူခိုးလေးများအဖြစ် ပြန်လည်ဖန်တီးထုတ်လွှတ်ပေးခြင်း ဖြစ်သည်။

လက်ရှိစမ်းသပ်မှုအဆင့်တွင် ကော်ဖီ၊ ကိတ်မုန့်၊ လိမ္မော်သီး၊ ဘီယာနှင့် ဝိုင်နီ စသည့် အနံ့ ၅ မျိုးကို ၉၆ ရာခိုင်နှုန်းအထိ တိကျစွာ စစ်ဆေးခွဲခြားပြီး ပြန်လည်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ နောင်အနာဂတ်တွင် အွန်လိုင်းမှ ရေမွှေးနှင့် အစားအသောက်များ မဝယ်ယူမီ အနံ့စမ်းသပ်ကြည့်နိုင်ခြင်းအပြင် ဗာတွယ်ရူတီ (VR) နှင့် အော်ဂဲနစ်အတွေ့အကြုံများကို ပိုမိုပြည့်စုံကောင်းမွန်လာစေရန်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သုတေသီများက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးတွင် AI နည်းပညာသုံး စပါးအထူးဇုန်ဖော်ဆောင်ရန် IoT စနစ်များ တပ်ဆင်ပြီးစီး
Next post မြန်မာနိုင်ငံဘက်ခြမ်း တိုက်ပွဲကြောင့် ထိုင်းနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးပြီးနောက် ထိုင်းစစ်တပ်က သတိပေးကျည် နှစ်ချက် ပစ်ခတ်