၂၂ နှစ်နီးပါး လည်ပတ်ခဲ့သည့် Swift အာကာသလေ့လာရေးယာဉ် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်

နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၆
နာဆာ၏ Neil Gehrels Swift အာကာသလေ့လာရေးယာဉ်သည် လွှတ်တင်ပြီး ၂၂ နှစ်နီးပါးအကြာ နိုဝင်ဘာ ၄ ရက်တွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နာဆာက အတည်ပြုခဲ့ပါတယ်။
အမေရိကန်အာကာသတပ်ဖွဲ၏ အတည်ပြုချက်အရ Swift သည် ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၉ မိနစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမြောက်ပိုင်းအထက်ရှိ လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်၏ အစိတ်အပိုင်းအများစု လောင်ကျွမ်းသွားမည်ဟု မျှော်လင့်ထားသော်လည်း အချို့မှာ ကျန်ရှိနိုင်ကြောင်း နာဆာက ဆိုထားပါတယ်။

၂၀၀၄ ခုနှစ်တွင် လွှတ်တင်ခဲ့သည့် Swift ကို စကြဝဠာအတွင်း အားအပြင်းဆုံးပေါက်ကွဲမှုများတွင် ပါဝင်သည့် ဂမ်မာရောင်ခြည်ပေါက်ကွဲမှုများ လေ့လာရန် တည်ဆောက်ခဲ့ပါတယ်။ မူလမစ်ရှင်သက်တမ်းကို နှစ်နှစ်သာ လျာထားခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခုကျော်ကြာ လည်ပတ်ကာ စကြဝဠာဆိုင်ရာ ဖြစ်စဉ်အမျိုးမျိုးကို လေ့လာနိုင်ခဲ့ပါတယ်။
ယင်းယာဉ်သည် ရုတ်တရက်ပေါ်ပေါက်သည့် အာကာသဖြစ်စဉ်များကို လျင်မြန်စွာ ချိန်ရွယ်လေ့လာနိုင်ပြီး နောက်ဆက်တွဲလေ့လာမှုများ ပြုလုပ်နိုင်ရန် အခြားလေ့လာရေးစခန်းများထံ သတိပေးချက်များ ပေးပိုခဲ့ပါတယ်။

နာဆာက Swift ၏ သက်တမ်းတိုးမြှင့်ရန် Katalyst Space Technologies ၏ LINK စက်ရုပ်အာကာသယာဉ်ကို ဇူလိုင်လတွင် လွှတ်တင်ခဲ့ပါတယ်။ LINK သည် Swift ကို ဖမ်းယူကာ ပိုမိုမြင့်မားသည့် ကမ္ဘာပတ်လမ်းကြောင်းသို တွန်းပို့ရန် ရည်ရွယ်ထားသော်လည်း ယာဉ်၏ အနေအထားထိန်းချုပ်မှုဆိုင်ရာ ပြဿနာများကြောင့် စီစဉ်ထားသည့်လုပ်ငန်းကို မဆောင်ရွက်နိုင်ခဲ့ပေ။
ထိုနောက် LINK မစ်ရှင်ကို နည်းပညာစမ်းသပ်ပြသမှုအဖြစ် ပြောင်းလဲခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ Swift ၏ ပတ်လမ်းအမြင့် ဆက်လက်ကျဆင်းလာသဖြင့် သိပ္ပံလေ့လာရေးမစ်ရှင် ပြီးဆုံးကြောင်း နာဆာက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့ပါတယ်။
