// | DailyBriefNews မြန်မာနှင့် အိုမန် နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှု သဘောတူညီချက် လက်မှတ်ရေးထိုး -

မြန်မာနှင့် အိုမန် နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား လေကြောင်းသယ်ယူပိုဆောင်ရေးကဏ္ဍ စီမံခန့်ခွဲမှုနှင့် အရပ်ဘက်လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အဆိုပါသဘောတူညီချက်ကို မြန်မာနိုင်ငံ မြို့ပြလေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်နှင့် အိုမန်နိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) ဥက္ကဋ္ဌ Eng. နိုင်ဖ် ဘင် အလီ အယ်လ် အဘရီတိုက လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။

အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့နိုင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်ထားကြောင်း သိရပါတယ်။

သဘောတူညီချက်တွင် အပိုဒ်ပေါင်း ၂၆ ပိုဒ် ပါဝင်ပြီး နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်လမ်းကြောင်းများဆိုင်ရာ နောက်ဆက်တွဲစာရွက်စာတမ်းတစ်ခုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။

ထို့ပြင် လေကြောင်းပိုဆောင်ရေးဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် စီးပွားရေး၊ စည်းမျဉ်းဥပဒေ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကဏ္ဍအသီးသီးကိုလည်း သဘောတူညီချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ယင်းအပြင် နှစ်နိုင်ငံမှ လေကြောင်းလိုင်းများအနေဖြင့် သဘောတူညီချက်ပါ သတ်မှတ်ချက်များနှင့်အညီ ခရီးသည်တင်လေယာဉ်ခရီးစဉ်များနှင့် ကုန်စည်ပိုဆောင်ရေးလေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များကိုလည်း ထည့်သွင်းသတ်မှတ်ထားကြောင်း သိရပါတယ်။

ထို့အတူ နှစ်နိုင်ငံလေကြောင်းလိုင်းများအကြား ပူးတွဲခရီးစဉ်များတွင် ကုဒ်မျှဝေသုံးစွဲခြင်း (Code Sharing) ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ဖန်တီးပေးထားကြောင်း သိရပါတယ်။

ယခုသဘောတူညီချက်သည် မြန်မာနှင့် အိုမန်နှစ်နိုင်ငံအကြား အရပ်ဘက်လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်နှင့် လေကြောင်းသယ်ယူပိုဆောင်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် အိုမန်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံနှင့် နှစ်နိုင်ငံအကြား လေကြောင်းပိုဆောင်ရေးဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စပိန်ဒုတိယတန်းဘောလုံးသမား Jesús de Miguel ပွဲချိန်အတွင်း လူချင်းတိုက်မိမှုကြောင့် ကွယ်လွန်
Next post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ