KNU၊ KNPP နှင့် နေပြည်တော်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရန် ထိုင်းနိုင်ငံက ကြားဝင်ကူညီပေးမည်

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နေပြည်တော်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်ကူညီပေးရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ခဲ့သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွမ်ကက်ကောင်းက နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်သည် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ခေါင်းဆောင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲများတွင် ထိုင်းနိုင်ငံ၌ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးနိုင်ရေးအတွက် မြန်မာဘက်မှ ကိုယ်စားလှယ်များ စေလွှတ်ရန် မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ (Scam Centers) ပူးပေါင်းနှိမ်နင်းရေး၊ မြစ်ရေညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် လာမည့်နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit) မတိုင်မီ အာဆီယံနှင့် ဆက်ဆံရေးဆိုင်ရာ တိုးတက်မှုများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
