အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ ပြန်လည်ရရှိရေး မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုဝင်ဘာ ၁၂ ရက်တွင် နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယင်းနေ့ ၁၁၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါသည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် တိုးတက်မှုများ ဖြစ်ထွန်းနေသည့်အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အာဆီယံတွင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်သာမက အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ ပြန်လည်ရရှိရေး ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။


