မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် ထိုင်းဘဏ်များက ကုမ္ပဏီများကို ချေးငွေပေးရန်နှင့် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ တရားဝင်လွှဲပို့ရေး ဆွေးနွေး

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသော ထိုင်းဘဏ်များက မြန်မာနှင့် ထိုင်းကုမ္ပဏီများကို ချေးငွေထုတ်ပေးရန် ရည်ရွယ်ထားပြီး၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ လုပ်ခလစာများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုများထံ လွှဲပို့နိုင်ရေးအတွက် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် တာဝန်ရှိသူများနှင့် ထိုင်းသံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ထိုင်းကုမ္ပဏီများ၏ အမြတ်ဝေစုနှင့် ချေးငွေပြန်ဆပ်ငွေများကို ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပို့နိုင်ရေး၊ အဆိုပါငွေများကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများတွင် ပြန်လည်အသုံးပြုရေးတို့အပြင် မြန်မာအလုပ်သမားများ၏ ငွေလွှဲပို့မှုများကို တရားဝင်လမ်းကြောင်းမှ ဖြစ်စေရေးအတွက် ဆွေးနွေးခဲ့ကြသည်။ တစ်ဖက်တွင်လည်း ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် ငွေလွှဲရာတွင် စနစ်တကျနှင့် တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းနိုင်ရန်နှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိသားစုများထံ လုပ်ခလစာများ တရားဝင်လွှဲပို့ရာတွင် နိုင်ငံခြားဝင်ငွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို သတ်မှတ်ထားသော ဘဏ်များနှင့် တရားဝင် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ (Remittance Business License – RBL) မှတစ်ဆင့် ပေးဆောင်ရမည်ဖြစ်ပြီး၊ အဆိုပါ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားသည့် အထောက်အထားများအပြင် သတ်မှတ်ရာခိုင်နှုန်းအလိုက် မိသားစုထံ ပုံမှန်လွှဲပို့ထားသည့် အထောက်အထားများကိုပါ တင်ပြနိုင်ရန် လိုအပ်သည်။
ထိုသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ငွေခွန် ပေးဆောင်လျက် လွှဲပို့ခြင်းအားဖြင့် ငွေကြေးဆုံးရှုံးနိုင်ခြေ မရှိဘဲ လုံခြုံစိတ်ချရမှု အပြည့်အဝရရှိစေမည့်အပြင်၊ နောင်တွင် မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာစဉ် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ OWIC ကတ်အသစ်လဲလှယ်ခြင်းနှင့် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် (Exit Permit) တင်ပြရာတွင် လိုအပ်သည့် ဝင်ငွေခွန်ပေးဆောင်ထားမှုနှင့် တရားဝင်ငွေလွှဲ အထောက်အထားများကို အလွယ်တကူ ပြသနိုင်မည်ဖြစ်သည်။
ထို့ပြင် တရားမဝင်ငွေလွှဲလမ်းကြောင်းများကဲ့သို့ ငွေကြေးအလွဲသုံးစားလုပ်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပြီး ပွင့်လင်းမြင်သာသည့် ငွေလဲလှယ်နှုန်းထားများကို ရရှိနိုင်ကာ မိသားစုဝင်များအနေဖြင့်လည်း ပြည်တွင်းဘဏ်များမှတစ်ဆင့် လွယ်ကူစွာ ထုတ်ယူသုံးစွဲနိုင်သည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
