AI နည်းပညာ ထိန်းချုပ်ရေး ကုလသမဂ္ဂ မူဘောင် ရေးဆွဲရန် စင်ကာပူ အဆိုပြု

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
အမေရိကန်နှင့် တရုတ်တို့အကြား AI နည်းပညာ ပြိုင်ဆိုင်မှု ပိုမိုမြန်ဆန်လာချိန်တွင် AI ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည့် စံချိန်စံညွှန်းများကို သတ်မှတ်ပေးနိုင်သော ကုလသမဂ္ဂ (UN) မူဘောင်နှင့် အဖွဲ့အစည်းများ ထူထောင်ရန် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဗာလာခရစ်ရှနန် (Vivian Balakrishnan) က နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဆိုပြုပြောကြားခဲ့ပါတယ်။
စက်တင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် AI နည်းပညာကြောင့် ပေါ်ပေါက်လာနိုင်သည့် အလိုအလျောက် ထိန်းချုပ်စနစ်များ ထိန်းချုပ်မှု လွတ်သွားခြင်း၊ ဇီဝလက်နက်နှင့် အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရာတွင် လွဲမှားစွာ အသုံးပြုခံရခြင်းနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ကမောက်ကမဖြစ်မှု စသည့် အန္တရာယ်ကြီး ၃ ချက်ကို ထောက်ပြခဲ့ပါတယ်။ ထို့ပြင် ဆုံးဖြတ်ချက်ချသည့် စနစ်များ၌ လူသား၏ ပါဝင်ထိန်းချုပ်မှု (Human Control) အမြဲရှိနေရမည်ဖြစ်ပြီး “AI ဘေးကင်းရေးဆိုင်ရာ UN မူဘောင်ကွန်ဗင်းရှင်း” (UN Framework Convention on AI Safeguards) အပါအဝင် ITU သို့မဟုတ် IAEA ကဲ့သို့သော စံချိန်စံညွှန်း သတ်မှတ်ပေးနိုင်မည့် အဖွဲ့အစည်းသစ်များ လိုအပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ထို့အပြင် အာရှအသင်းအဖွဲ့ (Asia Society) ဥက္ကဋ္ဌ ကယ်ဗင် ရဒ် (Kevin Rudd) နှင့် ဆွေးနွေးစဉ် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံသည် သမိုင်းဝင် စက်မှုတော်လှန်ရေးကို လွတ်ကင်းခဲ့သဖြင့် ယခု AI နည်းပညာ တော်လှန်ရေးတွင် အမိအရ ဆုပ်ကိုင်ရန် ပြင်းထန်စွာ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ၏ အစိုးရ ထောက်ပံ့ကြေးများ၊ လျှပ်စစ်ကားနှင့် စက်ရုပ်နည်းပညာဆိုင်ရာ အခြေခံကောင်းများနှင့် ပြည်တွင်းပြိုင်ဆိုင်မှုများက သက်သာသော ဈေးနှုန်းဖြင့် ထိရောက်သည့် AI Model များကို ဖြစ်ထွန်းစေခဲ့ကြောင်း အသိပေး ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
