မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုနှင့် လူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်များကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့သည် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး တာဝန်ရှိသူများက မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနထံမှ အဆိုပါ မြန်မာနိုင်ငံသားများကို စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီးနောက် စစ်ရေယာဉ်များသည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
