ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ကူညီပေးရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ်ခ် ရာဟ်မန်သည် ရိုဟင်ဂျာ အရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနှင့် မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကို ဂုဏ်သိက္ခာရှိစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက ဆက်လက် ပံ့ပိုးကူညီပေးရန် တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နေစဉ် စက်တင်ဘာလ ၂၂ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘီရှော့နှင့် တွေ့ဆုံစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ၊ ပြန်ကြားရေးအတွင်းဝန် အာတီကာ ရာဟ်မန် ရူမွန်၏ ပြောကြားချက်အရ သိရပါတယ်။
တွေ့ဆုံမှုအတွင်း နှစ်ရှည်ကြာ ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံတကာ အသိုက်အဝန်း၏ ထိရောက်သော အခန်းကဏ္ဍ လိုအပ်မှုများကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် တာရစ်ခ် ရာဟ်မန်သည် ဘင်္ဂလားဒေ့ရှ်နှင့် ဂမ်ဘီယာတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပပြီး ဥရောပသမဂ္ဂက ပူးတွဲပံ့ပိုးသည့် ရိုဟင်ဂျာအရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲသို့လည်း တက်ရောက်ရန် စီစဉ်ထားပါတယ်။
အဆိုပါ ဆွေးနွေးပွဲသည် ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံ၊ ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်မည့် အခြေအနေများ ဖန်တီးပေးရန်နှင့် တရားမျှတမှုဆိုင်ရာ ကြိုးပမ်းမှုများကို အားကောင်းစေရန် ရည်ရွယ်ထားပါတယ်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၂၄ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
