// | DailyBriefNews ၄၉ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့် ၁၀၆ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည် -

၄၉ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့် ၁၀၆ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည်

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆

(၁၀၆) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၉) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ နိဗ္ဗာန်ဈေးပွဲတော်ကို လာမည့် အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ရုပ်ရှင်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကိုမူ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝန်းအတွင်း၌ အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ပြီး အနုပညာရှင်များနှင့် ထုတ်လုပ်သူများ၏ စတုဒီသာ ဆိုင်ခန်းပေါင်း ၄၀ နီးပါး ပါဝင်ကျွေးမွေးမည် ဖြစ်ပါတယ်။ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုမူ နေရာအခက်အခဲကြောင့် ဝဇီရာဇာတ်ရုံသို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၏ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ သက်ကြီးပူဇော်ပွဲအတွက် အနုပညာရှင်များနှင့် စေတနာရှင်များက အလှူငွေနှင့် ပစ္စည်းများ ဆက်လက် လှူဒါန်းလျက်ရှိရာ ရန်အောင်၊ ခန့်စည်သူ၊ လွင်မိုးနှင့် သမီး ယွန်းဝတီလွင်မိုး၊ ဇေရဲထက်၊ သင်းဇာဝင့်ကျော်၊ မေမီကိုကို၊ မေမဆောင်း၊ ချောရတနာ၊ အိချောပို၊ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးတို့အပါအဝင် အနုပညာရှင်များနှင့် ထုတ်လုပ်ရေးလုပ်ငန်းများက ငွေကျပ် သိန်းဂဏန်းမှစ၍ သောက်ရေသန့်နှင့် စားသောက်ကုန်များအထိ ပါဝင်လှူဒါန်းထားကြပါတယ်။

ပြီးခဲ့သည့်နှစ် အသက် ၇၀ နှင့်အထက် သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ် ၁၃၅ ဦးရှိခဲ့ပြီး တစ်ဦးလျှင် ကျပ် ၄ သိန်း ၈ သောင်းကျော် တန်ဖိုးရှိ ငွေကြေးနှင့် လူသုံးကုန်၊ ဆေးဝါးပစ္စည်း ၆၀ ကျော် လှူဒါန်းခဲ့ရာ ကြွရောက်နိုင်ခြင်းမရှိသည့် ကန်တော့ခံပုဂ္ဂိုလ်များကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တူရကီတွင် ကျောင်းတစ်ကျောင်းအပြင်ဘက်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ကျောင်းသား ၁၁ ဦး ဒဏ်ရာရရှိ
Next post ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ကူညီပေးရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို