သီရိလင်္ကာက လာမည့် ၂၀၂၇-၂၀၃၁ အတွက် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတွင် သီရိလင်္ကာ ရူပီး ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆
သီရိလင်္ကာအစိုးရသည် အသက်မွေးဝမ်းကျောင်း ပညာရေးအရည်အသွေး မြှင့်တင်ရန်အတွက် ၂၀၂၇ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း သီရိလင်္ကာ ရူပီး ၄၂ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၅၈ သန်းခန့်) လျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လည်းဖြစ်၊ ပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေး ဝန်ကြီးလည်းဖြစ်သူ ဟာရီနီ အမရာသူရိယ (Harini Amarasuriya) က ပြောကြားခဲ့ပါတယ်။
အဆိုပါ ဘတ်ဂျက်အနက် ရူပီး ၄ ဘီလီယံခန့်ကို အသက်မွေးဝမ်းကျောင်း သင်တန်းအာဏာပိုင်အဖွဲ့ (VTA) သို့ လွှဲပြောင်းပေးအပ်ကာ ပြည်နယ်တိုင်းတွင် ထူးချွန်ဗဟိုဌာနများဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ထို့အပြင် စာမေးပွဲကိုသာ ဗဟိုပြုသည့် ရိုးရာပညာရေးစနစ်မှသည် ကမ္ဘာ့လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်း၊ သင်တန်းသစ်များ မိတ်ဆက်ခြင်းနှင့် အဆောက်အအုံ/ပစ္စည်းကိရိယာ အထောက်အကူများ မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း VTA ၏ ၅ ကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
