// | DailyBriefNews ထိုင်းအသင်းနဲ့ အုပ်စုတက်ရေး အဆုံးအဖြတ် ကစားရမယ့်ပွဲအတွက် မိမိအသင်းမှာ ဖိအားများ ရှိမနေကြောင်း မြန်မာအသင်းနည်းပြ အန်ဒါဆင် ပြောကြား -

ထိုင်းအသင်းနဲ့ အုပ်စုတက်ရေး အဆုံးအဖြတ် ကစားရမယ့်ပွဲအတွက် မိမိအသင်းမှာ ဖိအားများ ရှိမနေကြောင်း မြန်မာအသင်းနည်းပြ အန်ဒါဆင် ပြောကြား

ဩဂုတ် ၇၊ ၂၀၂၆

မြန်မာအသင်းနည်းပြ အန်ဒါဆင်က ထိုင်းအသင်းနဲ့ အုပ်စုတက်ရေး အဆုံးအဖြတ်ကစားရမယ့်ပွဲအတွက်မိမိအသင်းမှာ ဖိအားများ ရှိမနေကြောင်း ပြောကြားခဲ့ပါတယ်။

အန်ဒါဆင်က”အားလုံးလည်း မြင်တွေ့ကြမှာပါ။ ကျွန်တော့်အသင်းက တစ်ပွဲထက် တစ်ပွဲ ပိုပြီး ကောင်းမွန်လာနေပါတယ်။ ကစားပုံက တစ်ပွဲထက် တစ်ပွဲ ပိုပြီး တိုးတက်လာနေပါတယ်။ ထိုင်းအသင်းနဲ့ ကစားရမယ့်ပွဲအတွက်တော့ ကျွန်တော့်အသင်းမှာ ဘာဖိအားမှ ရှိမနေပါဘူး။ ဖြစ်နိုင်ခြေရှိတာကို စွမ်းဆောင်ပြဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ပွဲပြီးတဲ့အခါ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ထိုင်းအသင်းနဲ့ပွဲအတွက် ကျွန်တော်တို့ လုံလောက်တဲ့အနားယူမှု ရရှိထားတယ်လို့ပဲ ပြောချင်ပါတယ်။ အနားယူရက် အပြည့်အဝမရတာကို အကြောင်းပြချက် လုပ်မနေချင်ပါဘူး။ မောင်မောင်လွင် မပါဝင်နိုင်တာကတော့ ကျွန်တော်တို့အသင်းအတွက် ထိုးနှက်ချက်ကြီးမားပါတယ်။ သူ့ (မောင်မောင်လွင်) ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်က အံ့မခန်းစရာပါ။ ဒါပေမဲ့လည်း သူ့နေရာမှာ အစားထိုးဖြည့်ကစားဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ဟာ သြဂုတ် (၈) ရက်၊ မြန်မာစံတော်ချိန် ည (၇) နာရီခွဲမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပရိသတ် (၇၀၀၀၀) ဆံ့ ရာဇမင်္ဂလာကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ယင်းပွဲမှာ နှစ်သင်းစလုံး အုပ်စုနောက်တစ်ဆင့်တက်ရေးအတွက် အရေးပါနေပြီး မဖြစ်မနေ အနိုင်ရရှိဖို့ လိုနေကြောင်း သိရပါတယ်။

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်နောက်ဆုံးနေ့ပွဲတွေကို သြဂုတ် (၈) ရက်မှာ ကျင်းပမှာပါ။

အုပ်စု (B) က ထိုင်းအသင်းနဲ့ မြန်မာအသင်း၊ မလေးရှားအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ယှဥ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ယင်းအသင်း (၄) သင်းစလုံးဟာ အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်ရေးအတွက် အသက်ရှိနေသေးပြီး နောက်ဆုံးလက်ကျန်ပွဲများကို မဖြစ်မနေ  အနိုင်ကစားကြရမှာပါ။

မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ ၂၀၂၂ ခုနှစ်က နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး ခြေစမ်းပွဲမှာ (၆) ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။

လက်ရှိ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) မှာ ထိုင်းအသင်းက သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ် ကိုးမှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မလေးရှားနဲ့ မြန်မာအသင်းတိုက သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုး၊ ရမှတ် ခြောက်မှတ်စီနဲ့ အဆင့် (၂၊ ၃) နေရာတွေမှာ ရပ်တည်နေပါတယ်။

ဖိလစ်ပိုင်အသင်းက သုံးပွဲကစား၊ တစ်ပွဲနိုင်၊ နှစ်ပွဲရှုး၊ ရမှတ် သုံးမှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး လာအိုအသင်းကတော့  လေးပွဲကစား၊ နိုင်ပွဲမရရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆယ်လီအမျိုးသားတစ်ဦး Live လွှင့်နေစဉ် သေနတ်သမားက ဝင်ရောက်ပစ်ခတ်မှု မက္ကဆီကိုတွင် ဖြစ်ပွား
Next post အာဆီယံအမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်း Phranakorn FC Women MoU ရေးထိုး