အာဆီယံအမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်း Phranakorn FC Women MoU ရေးထိုး

ဩဂုတ် ၁၀၊ ၂၀၂၆
အာဆီယံဒေသအတွင်း အမျိုးသမီးဘောလုံးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပြများနှင့် ကစားသမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်း (Yadanarbon FC Women) နှင့် ထိုင်းနိုင်ငံမှ Phranakorn FC Women အသင်းတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း အသင်းက ယနေ့တွင် တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် အသင်းနှစ်သင်းအကြား ဘောလုံးနည်းစနစ်နှင့် အသိပညာများ ဖလှယ်ခြင်း၊ နည်းပြများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ လူငယ်ကစားသမားများ တိုးတက်ရေး လမ်းကြောင်းများ ဖန်တီးပေးခြင်း၊ ကစားသမားများ အပြန်အလှန် ဖလှယ်ခြင်း၊ အမျိုးသမီးငယ်များအတွက် ဘောလုံးသင်တန်းများနှင့် Football Clinic များ ပြုလုပ်ခြင်း၊ ခြေစမ်းပွဲများနှင့် ပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်း အပါအဝင် ပူးတွဲဖွံ့ဖြိုးရေး လှုပ်ရှားမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

ယခု MoU မှတစ်ဆင့် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား အမျိုးသမီးဘောလုံးကဏ္ဍ ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာမည်ဖြစ်ပြီး အာဆီယံအမျိုးသမီး ဘောလုံးအသိုင်းအဝိုင်းအတွင်း အတွေ့အကြုံနှင့် နည်းပညာများ ဖလှယ်နိုင်မည့် ရေရှည်တည်တံ့သော အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း သိရပါတယ်။
