ဆယ်လီအမျိုးသားတစ်ဦး Live လွှင့်နေစဉ် သေနတ်သမားက ဝင်ရောက်ပစ်ခတ်မှု မက္ကဆီကိုတွင် ဖြစ်ပွား

ဩဂုတ်လ ၇ ရက်၊ ၂၀၂၆
မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း၊ ဆီနာလိုအာ (Sinaloa) ပြည်နယ်၊ ကူလီယာကန်မြို့မှာ TikTok ဖော်လိုဝါ ၆၅၀,၀၀၀ ကျော်ရှိတဲ့ ဆယ်လီအမျိုးသား စီဇာ ဂတ်စတီလမ် (César Gastélum) ဟာ လူမှုကွန်ရက်ပေါ် တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) ပြုလုပ်နေစဉ်အတွင်း သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အခင်းဖြစ်ပွားချိန်မှာ စီဇာ ဂတ်စတီလမ်ဟာ KFC ဆိုင်ရဲ့ ယာဉ်ရပ်နားစခန်းမှာ အခြားအမျိုးသားနှစ်ဦးနဲ့အတူ စကားပြော ရယ်မောနေခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ် ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာတဲ့ အမျိုးသားနှစ်ဦးအနက် တစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ကာ အဆိုပါ တိုက်ခိုက်မှုဟာ ဒေသဆိုင်ရာ ရှေ့နေချုပ်ရုံးနဲ့ မလှမ်းမကမ်းတွင် ရုံးဆင်းချိန် လူရှုပ်သည့်အချိန်၌ ဖြစ်ပွားခဲ့တာပါ။

အဆိုပါ ဖြစ်စဉ်ဟာ မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုနှင့် ဆက်စပ်နေဖွယ်ရှိကြောင်း တာဝန်ရှိသူများက ယူဆထားကြပါတယ်။ ဆီနာလိုအာပြည်နယ်ဟာ Sinaloa မူးယစ်ဂိုဏ်းရဲ့ အဖွဲ့ခွဲနှစ်ခုဖြစ်တဲ့ Los Chapitos နဲ့ Los Mayos တို့အကြား အပြိုင်အဆိုင် တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ ဒေသဖြစ်ပါတယ်။ Los Mayos အဖွဲ့ဟာ စွမ်းဘရဲရို (Sombrero) ခေါင်းဆောင်းဦးထုပ်ကို အမှတ်အသားအဖြစ် သုံးလေ့ရှိပြီး၊ ဂတ်စတီလမ် သတ်ဖြတ်မခံရမီ ရိုက်ကူးထားသည့် ဗီဒီယိုမှာ အဖြူရောင် စွမ်းဘရဲရို ဦးထုပ်ကို ဆောင်းထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဂတ်စတီလမ်ဟာ မူးယစ်ဂိုဏ်းကို ရည်ညွှန်းသည့် ဗီဒီယိုအချို့လည်း ထုတ်လွှင့်ခဲ့ဖူးတာကြောင့် အဆိုပါ ပဋိပက္ခများနှင့် ဆက်နွှယ်မှုရှိနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘွမ်း (Claudia Sheinbaum) က ပြစ်မှုကျူးလွန်သူတွေကို မဖြစ်မနေ ဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီး ဝမ်းနည်းဖွယ်ရာ အမှန်တရားကို စုံစမ်းဖော်ထုတ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုမှာ ရာဇဝတ်ဂိုဏ်းတွေဟာ ဆိုရှယ်မီဒီယာ ဆယ်လီတွေကို ဒုစရိုက်ဆိုင်ရာ သတင်းစကား ဖြန့်ဝေသူများအဖြစ် အသုံးချခြင်း သို့မဟုတ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ တိုးပွားလာနေတာပါ။ ယခုဖြစ်စဉ်ဟာ ၁ နှစ်ကျော်ကာလအတွင်း Livestream လွင့်နေစဉ် Content Creator တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည့် ဒုတိယမြောက် ဖြစ်စဉ်လည်း ဖြစ်ပါတယ်။
