ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ




ဩဂုတ်လ ၇ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် ထိုင်းအစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။




ညစာစားပွဲမစမီ ထိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်များက နှုတ်ခွန်းဆက်စကားများ ပြောကြားကာ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြတာပါ။ ညစာသုံးဆောင်စဉ်အတွင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုအဖွဲ့များက နှစ်နိုင်ငံ တေးသီချင်းများနှင့် အကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး၊ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့က ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။
