ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၁,၅၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူခဲ့

ဇူလိုင်လ ၅ ရက်၊ ၂၀၂၆
အိန္ဒိယနိုင်ငံ အမျိုးသားအင်္ဂါရပ်နှင့် တစ်ရှူး အစားထိုးကုသရေးအဖွဲ့အစည်း (NOTTO) ရဲ့ နှစ်စဉ်အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နဲ့ ဗြိတိန်က လူနာ ၃ ဦးစီအပါအဝင် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၆၃ နိုင်ငံက လူနာ ၁,၅၀၀ ကျော်ဟာ အိန္ဒိယမှာ ကိုယ်တွင်းအင်္ဂါ အစားထိုးခွဲစိတ်မှုတွေ လာရောက်ခံယူခဲ့ကြပါတယ်။ အဆိုပါ နိုင်ငံခြားသား လူနာအများစုဟာ သူတို့ရဲ့ အသက်ရှင်လျက်ရှိတဲ့ ဆွေမျိုးတွေဆီကနေ ကိုယ်တွင်းအင်္ဂါ ရရှိခဲ့ကြတာဖြစ်ပေမဲ့ နိုင်ငံခြားသား ၁၁ ဦးကတော့ ကွယ်လွန်သွားသူ အိန္ဒိယနိုင်ငံသားတွေ လှူဒါန်းခဲ့တဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရရှိခဲ့ကြတာပါ။
အိန္ဒိယမှာ ကွယ်လွန်သူတွေရဲ့ ကိုယ်တွင်းအင်္ဂါကို မိသားစုဝင်တွေက ပရဟိတစိတ်နဲ့ လှူဒါန်းကြတာဖြစ်ပြီး၊ အစားထိုးကုသဖို့ စောင့်ဆိုင်းနေတဲ့ အိန္ဒိယနိုင်ငံသား လူနာတွေထဲမှာ အချိန်မီ ကိုက်ညီသူ မတွေ့မှသာ နိုင်ငံခြားသားတွေကို ခွဲဝေပေးတာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ကွယ်လွန်သူ လှူဒါန်းသူတွေဆီကနေ စုစုပေါင်း အစားထိုးကုသမှု ၃,၅၂၆ ခု ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသား ၁၁ ဦး ရရှိခဲ့တဲ့ အင်္ဂါတွေထဲမှာ နှလုံး ၃ ခု၊ အဆုတ် ၅ ခု၊ အူသိမ် ၂ ခုနဲ့ မုန့်ချိုအိတ် ၁ ခု ပါဝင်ပါတယ်။ ဒီအထဲက အီရတ်လူနာ ၃ ဦးက နှလုံး၊ အဆုတ်နဲ့ အူသိမ် ရရှိခဲ့ပြီး ကျန်တဲ့ ကိုယ်တွင်းအင်္ဂါတွေကိုတော့ ဆီးရီးယား၊ တူရကီ၊ လီဘနွန်၊ ကာဂျစ်စတန်၊ ကင်ညာ၊ အီသီယိုးပီးယားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လူနာတစ်ဦးစီ ရရှိခဲ့ကြပါတယ်။
အသက်ရှင်လျက်ရှိတဲ့ နီးစပ်ရာဆွေမျိုးတွေဆီက အင်္ဂါလှူဒါန်း ခွဲစိတ်မှု (Living Donor Transplants) ကတော့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားသားတွေအတွက် ၁,၅၆၀ ခု ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလို ခွဲစိတ်မှု ခံယူသူတွေထဲမှာ ဥဇဘက်ကစ္စတန်က ၃၇၃ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ မြန်မာနိုင်ငံက ၁၄၆ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ကာ ကာဂျစ်စတန်က ၁၁၅ ဦးနဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်တုန်းက ပွဲစားတွေက ဆင်းရဲသား လှူဒါန်းသူနဲ့ လက်ခံသူအကြား သွေးသားတော်စပ်ကြောင်း စာရွက်စာတမ်းအတုတွေ လုပ်ပြီး ငွေကြေးယူခဲ့တဲ့ “ကျောက်ကပ် မသမာမှု” (Cash for kidney scam) ရဲ့ ဗဟိုချက် ဖြစ်ခဲ့ဖူးပါတယ်။
