// | DailyBriefNews နိုင်ငံတော်သမ္မတ ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြု တွေ့ဆုံ -

နိုင်ငံတော်သမ္မတ ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြု တွေ့ဆုံ

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံသို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။

လာရောက်ဂါရဝပြုတွေ့ဆုံသည့် UWSP အဖွဲ့အားနိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အနေနဲ့ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်ရာမှာ ထာဝရငြိမ်းချမ်းရေးရဖို့ လိုအပ်တာကြောင့် ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေ အပြီးတိုင် ပပျောက်စေရေးနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို (UWSP) “ဝ” အဖွဲ့ဘက်ကလည်း မိမိတို့ ဒေသအတွင်း အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွေကို ဖိဖိစီးစီး ကြပ်မတ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

တစ်ဆက်တည်းမှာပဲ “ဝ” ဒေသရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်တာတွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးသွားမယ့် အခြေအနေတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ “ဝ” လက်နက်ကိုင် UWSP အဖွဲ့ဟာ နိုင်ငံတော်အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နေပြည်တော်ကို ရောက်ရှိနေတာဖြစ်ပြီး ဩဂုတ် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောင်းသားချင်းဓားနှင့်ထိုးသဖြင့် Grade – 8 ကျောင်းသား ဒဏ်ရာအပြင်းအထန်ရရှိမှု မြစ်ကြီးနားတွင် ဖြစ်ပွား
Next post ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၁,၅၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူခဲ့