ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ AI သင်တန်းအခွင့်အလမ်း ၅,၀၀၀ ပံ့ပိုးပေးမည်ဟု တရုတ်သမ္မတ ပြောကြား

ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၆
တရုတ်နိုင်ငံအနေဖြင့် လာမည့် ငါးနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သုတေသနပညာရပ်ဆိုင်ရာ ဉာဏ်ရည်တု (AI) သင်တန်းများနှင့် ဆွေးနွေးပွဲ အခွင့်အလမ်းပေါင်း ၅,၀၀၀ ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ယနေ့ ပြောကြားခဲ့ပါတယ်။
ရှန်ဟိုင်းမြို့၌ ဇူလိုင် ၁၇ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ AI ညီလာခံ (2026 World AI Conference) နှင့် ကမ္ဘာလုံးဆိုင်ရာ AI စီမံအုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေး (High-Level Meeting on Global AI Governance) ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ရှီက ယခုကဲ့သို့ ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံ (ASEAN)၊ အာရပ်အဖွဲ့ချုပ် (League of Arab States)၊ အာဖရိကသမဂ္ဂ (African Union)၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအဖွဲ့ (CELAC)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့် ဘရစ်စ် (BRICS) တို့နှင့်အတူ နိုင်ငံတကာ AI လက်တွေ့အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေး စင်တာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုထားပါတယ်။
ထို့အပြင် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် နိုင်ငံပေါင်း ၃၀ တွင် AI နည်းပညာသုံး မာကျူ (MAZU) မိုးလေဝသ ကြိုတင်သတိပေးစနစ်ကို အသုံးပြုနိုင်ရန် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှီက ဆက်လက်ပြောကြားခဲ့ပါတယ်။
