ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်

နိုဝင်ဘာ ၂၅ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မှာဖြစ်ပါတယ်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ယခုနှစ် မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီးနောက် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်ကို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်(Offical State Visit)အဖြစ် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ မတ်လ ၇ ရက်နေ့မှာသွားရောက်ခဲ့ပါတယ်။

ထို့အပြင် ယာယီသမ္မတဟာ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ ယခုနှစ် ဇွန်လ၂၇ရက်မှာ တက်ရောက်သည့်အချိန်မှာလည်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်းလည်းသိရပါတယ်။

