ရွေးကောက်ပွဲအပါအဝင် မြန်မာနိုင်ငံအခြေအနေတိုးတက်လာပြီဖြစ်၍ အမေရိကန်က မြန်မာနိုင်ငံသားများကို ပေးအပ်ထားသည့် ယာယီခိုလှုံခွင့် TPS ကို တရားဝင် ရပ်စဲ

နိုဝင်ဘာလ ၂၅ ရက်
အမေရိကန်ပြည်ထောင်စုဟာ ၎င်းတိုနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအတွက် ခိုလှုံခွင့်အရ ယာယီ ကာကွယ်ပေးထားတဲ့ အဆင့်အတန်း (Temporary Protected Status – TPS) ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (US Department of Homeland Security) က တနင်္လာနေ့ (နိုဝင်ဘာ ၂၄ ရက်)မှာ အသိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် သတ်မှတ်ထားတဲ့ TPS ဟာ အင်္ဂါနေ့ (နိုဝင်ဘာ ၂၅ ရက်)မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်ပါတယ်။
ဖက်ဒရယ်မှတ်တမ်း (Federal Register)မှာ ထုတ်ပြန်တဲ့ အဆိုပါ အသိပေးစာမှာ “(ပြည်တွင်းလုံခြုံရေး) အတွင်းရေးမှူးဟာ မြန်မာနိုင်ငံရဲ့ အခြေအနေများကို ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာ အမေရိကန် အစိုးရအေဂျင်စီများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံဟာ ယာယီကာကွယ်ပေးထားတဲ့ အဆင့်အတန်း သတ်မှတ်ချက်များအတွက် ဆက်လက်ပြည့်မီခြင်း မရှိတော့ကြောင်း ဆုံးဖြတ်ခဲ့သည်” ဟု ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မြန်မာနိုင်ငံသားတွေ အိမ်ပြန်ဖို့အတွက် လုံလောက်အောင် တိုးတက်လာပြီဖြစ်လို့ ယာယီကာကွယ်ပေးထားတဲ့ အခြေအနေကို ရပ်စဲလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အုပ်ချုပ်ရေးနှင့် တည်ငြိမ်မှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုများ ရရှိခဲ့ပြီး၊ ၎င်းတိုမှာ အရေးပေါ်အခြေအနေ ပြီးဆုံးခြင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများအတွက် စီမံကိန်းများ၊ အောင်မြင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ဒေသန္တရအုပ်ချုပ်ရေး တိုးတက်လာမှုတို့ ပါဝင်ပြီး၊ ယင်းဟာ ပြည်သူ့ဝန်ဆောင်မှု ပေးအပ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။” ဟုလည်း Kristi Noem ကကြေညာချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

