
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား
လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံကောင်းအောင်ဆောင်ရွက်မည့်သူများပေါ်ထွက်လာစေရေးအတွက်ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲတို၏ လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
” ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာမဲဆွယ်စည်းရုံးနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက အလေးပေးဆောင်ရွက်ရန်၊ ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေးအတွက် အဖျက်အမှောင့်လုပ်ဆောင်လာသူများကို ထိရောက်စွာ အရေးယူရန်လည်း မှာကြားခဲ့သည်။
ထိုပြင် ရွေးကောက်ခံမည့်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒိုတာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်လိုပြီး ရွေးကောက်ပွဲ အောင်မြင်စေရန် သက်ဆိုင်ရာဝန်ကြီးချုပ်များကဦးဆောင်၍ ဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

ကော်မရှင်အဖွဲဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများကလည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကိုယ်စားလှယ်လောင်းများလုံခြုံရေးနှင့် မဲဆွယ်
စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်စဉ်လုံခြုံရေး လုပ်ငန်းများကိုဆောင်ရွက်ရန်လျာထားလျက်ရှိမှု၊ ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်မှုများအား နှောင့်ယှက်သူများကို ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲဝင်ရောက်မည့် ပါတီများ၏ ပါတီဝင်များအား စာရင်းကိုက်ညီမှုရှိစေရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
