// | DailyBriefNews တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုကြပြီး ရင်းနှီးမြှုပ်နှံမှုများကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်မည် -

တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုကြပြီး ရင်းနှီးမြှုပ်နှံမှုများကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်မည်

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တို့၌ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်တွေ့ဆုံစဉ် ၎င်းတို့မှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီး မြှုပ်နှံလိုကြသည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ လာရောက်ရင်းနှီးမြှုပ်နှံချိန်၌ ရင်းနှီးမြှုပ်နှံမှုများကြန့်ကြာမှုမရှိစေရေးကို ပြန်လည်စိစစ်ရမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုအသစ်များထပ်မံဝင်ရောက်လာနိုင်ရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်သွားပေးရမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်း၊ နည်းပညာများရရှိခြင်းတို့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဟု ပြောသည်။

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများသည် ယွမ်ငွေဖြင့်ရင်းနှီးမြှုပ်နှံလိုကြကာ ကုန်သွယ်မှုတွင် လည်း ယွမ်နှင့်ကျပ်တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက်လျက်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏများစွာရှိသဖြင့် ရင်းနှီးမြှပ်နှံမှုလုပ် ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါဆောင် ရွက်နိုင်ပါက ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာပြီး နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်၍ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ပြောသည်။

တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြန်ဆန်တိုး တက်စေရေးအတွက် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ-တရုတ်ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်းဖွဲ့စည်းရန် ပြောကြားထားပြီးဖြစ်သည်ဟု ပြောသည်။

ဟေလုံကျန်းပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့၏ စိုက်ပျိုး ရေးလုပ်ငန်းများတွင် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ၊ Al စနစ်များကိုအသုံးပြုဆောင်ရွက်လျက်ရှိ၍ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မိမိတို့ထက်ကောင်းမွန်သာလွန်မှုများကို အတုယူဆောင် ရွက်ရမည့်နည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်တိုးတက်စေရန် မြန်မာနိုင်ငံထက်ပိုမိုသာ လွန်ကောင်းမွန်သည့် နိုင်ငံများ၏စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာဆောင်ရွက်ကြရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား
Next post “ဗုဒ္ဓံသရဏံဂစ္ဆာမိ”သီချင်းကို DJ သံစဉ်ဖြင့်ဖွင့်ခဲ့သည့် မန္တလေး Cover clubချိတ်ပိတ်ခံရ၊ DJ Violet သင်္ဃန်းကျွန်းသံဃနာယကအဖွဲ့ထံ တောင်းပန်