နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်ထားမည်

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အဆိုပါအတိုင်းဖွဲ့စည်းရန်ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဧရိယာဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ကာ ပထဝီဝင်နိုင်ငံရေးအခြေအနေအရ၊ ဘူမိရူပထူးခြားတည်ရှိမှုတို့အရ သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကာ မြောက်ဘက်ရေခဲတောင်များမှစ၍ တောင်ဘက် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါကျွန်းစု ဂေဟစနစ်အထိ နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံကိုပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ ထူးခြားသည့်နေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန် နိုင်ငံဧရိယာ၏ (၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်ဖွဲ့စည်းရန် ရည်မှန်းချက်ဖြင့် စီမံဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

” မိမိတို့တာဝန်ယူစဥ်ကာလအတွင်း ဒီနေ့အထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(၆၁)ခု၊ ဧရိယာ ဧက(၆ သိန်း ၆)သောင်းကျော်နဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ(၁၆)ခု၊ ဧရိယာဧက(၆ သိန်း ၁)သောင်းကျော်ကိုဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။ အခုအချိန်ထိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(၁,၃၂၄)ခု၊ နိုင်ငံဧရိယာရဲ့ (၂၅ ဒသမ ၉၄)ရာခိုင်နှုန်းနဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေ(၆၂)ခု၊ နိုင်ငံဧရိယာရဲ့ (၆ ဒသမ ၄၃)ရာခိုင်နှုန်းဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်လို့ ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံသားများနှင့် နောင်အနာဂတ်မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဆိုင်ရာအမွေအနှစ်ကောင်းများပေးနိုင်ရန် နိုင်ငံဧရိယာ၏(၅၀)ရာခိုင်နှုန်းထိ သစ်တောဖုံး လွှမ်းမှုများတိုးတက်လာရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာနများ၊ နေပြည်တော်၊ တိုင်းနှင့်ပြည်နယ်အစိုးရများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာကြားသည်။

” သစ်တောသယံဇာတပေါကြွယ်ဝမှုနဲ့ နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဟာ တိုက်ရိုက်ဆက်စပ်နေတာဖြစ်တဲ့အတွက် သစ်တောဖုံးလွှမ်းမှုတိုးပွားလာတာနဲ့အမျှ ဂေဟစနစ်ဝန်ဆောင်မှုတွေ ပိုမိုကောင်း မွန်လာမှာဖြစ်သလို သစ်၊ ဝါး၊ ကြိမ်အစရှိတဲ့ သစ် တောထွက်ပစ္စည်းအမျိုးမျိုးကို ပိုမိုထုတ်လုပ်လာနိုင်ပြီး နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ငလျင်ဒဏ်ကြောင့် ရာဇဌာနီလမ်းမကြီးပေါ်ရှိလမ်းပျ-က်စီးနေရာများကို Regulating Course Mix Design ဖြင့်ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေ