
မြန်မာပလာဇာ ကားပါကင်၌ လူသ တ်မှု ကျူးလွန်သူကို ဖမ်းမိ၊ အကြွေးမဆပ်နိုင်သဖြင့် သ တ်ခဲ့ဟု ပေါ်ပေါက်
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က မြန်မာပလာဇာ ကားပါကင်မှာ အမျိုးသမီးကြီး တစ်ယောက် အသတ်ခံရမှုက ကျူးလွန်သူ အမျိုးသား တစ်ယောက်ကို သူရဲ့ ဇနီးနဲ့အတူ ဖမ်းမိခဲ့ပြီး သေဆုံးသူနဲ့ စီးပွားရေးအတူ လုပ်ကိုင်သူဖြစ်ကာ အကြွေး ပြန်မဆပ်နိုင်တဲ့အတွက် သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရပါတယ်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၄ ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး (၅၉ နှစ်) ဟာ အမျိုးသား တစ်ယောက် နဲ့အတူ ဩဂုတ် ၅ ရက်၊ ညနေ ၄ နာရီကျော်က နေအိမ်ကို ပြန်ဖို့ မြန်မာပလာဇာအောက်ထပ် ကားပါကင်မှာ ရပ်ထားတဲ့ ကားအနီးကို ရောက်ရှိစဉ် အမျိုးသားနှစ်ယောက်က ဓားနဲ့ ဝိုင်းဝန်း ထိုးခုတ်ကာ ထွက်ပြေးသွားတဲ့အတွက် ဒေါ်စမ်းစမ်းအေးမှာ ဓားဒဏ်ရာတွေ နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ဗဟန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂၆/၁၁၄ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။
စစ်ဆေးချက်အရ ကျူးလွန်သူ နှစ်ယောက်ဟာ မြန်မာပလာဇာကို တိုယိုတာ Vitz အမျိုးအစား ခဲရောင်ယာဉ်နဲ့ ဩဂုတ် ၅ ရက်၊ နေ့လယ် ၁ နာရီ ၅၇ မိနစ်အချိန်က ရောက်ရှိခဲ့ပြီး B2 ကားပါကင်မှာ ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေး စီးနင်းလာတဲ့ တိုယိုတာ ဟယ်ရီယာ အဖြူရောင်ယာဉ်ဟာ နေ့လယ် ၂ နာရီကျော်မှာ ရောက်ရှိလာပြီး B2 ကားပါကင် A ဇုန်အနီးမှာ ရပ်တန့် ခဲ့ပါတယ်။

အဲဒီနောက် ကျူးလွန်သူ နှစ်ယောက် စီးနင်းလာတဲ့ မော်တော်ယာဉ်ဟာ ဒေါ်စမ်းစမ်းအေး စီးနင်းလာတဲ့ မော်တော်ယာဉ်အနီးကို ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော်အချိန်မှာ ဒေါ်စမ်းစမ်အေး နဲ့ အတူပါလာသူ တို့ နှစ်ယောက်ဟာ မြန်မာပလာဇာပေါ်က ဆင်းလာပြီး သူတို့ ကားရပ်ထားတဲ့ နေရာကို သွားရောက်စဉ် ကျူးလွန်သူ နှစ်ယောက်က ကားပေါ်က ဆင်းလာကာ ဒေါ်စမ်းစမ်းအေးကို ဓားနဲ့ ထိုးခဲ့ကြောင်း၊ အတူပါလာသူ အမျိုးသားက ပြန်လည် ခုခံတဲ့အတွက် ကျူးလွန်သူ တစ်ယောက်က ဝင်ရောက်ထိုးကြိတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
အဲဒီနောက်မှာတော့ ကျူးလွန်သူ နှစ်ယောက်ဟာ အခင်းဖြစ် နေရာကနေ ကမ္ဘာအေးဘုရားလမ်းပေါ် ထွက်ပြေးကာ Taxi ယာဉ်တစ်စီးကို ဌားစီးပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ကျူးလွန်သူတွေ ဌားစီးခဲ့တဲ့ Taxi ယာဉ်မောင်းကို စစ်ဆေးခဲ့ရာ ကျူးလွန်သူ နှစ်ယောက်ကို အင်းစိန် မြို့နယ်၊ ပြည်လမ်း၊ ဆယ်မိုင်ကုန်း ကားမှတ်တိုင် အနီးကို ပို့ပေးခဲ့ရကြောင်း၊ ကျူးလွန်သူ နှစ်ယောက်ရဲ့ စီစီတီဗီ မှတ်တမ်းကို ဒေါ်စမ်းစမ်းအေးရဲ့ သမီးဖြစ်သူကို ပြသမေးမြန်းရာမှာလည်း တစ်ယောက်မှာ မိခင်ဖြစ်သူနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ပြီး မိခင်ဖြစ်သူကို အကြွေးပေးဖို့ ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ပါရမီလမ်း နှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City မှာ တည်းခိုနေထိုင်သူ မြတ်သူရကျော်(၃၁)နှစ်ဖြစ်ကြောင်း သိရတဲ့အတွက် ဖမ်းမိရေး စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
ဩဂုတ် ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မြစ်ငယ်-ထုံးဘို လမ်းခွဲ မြို့မအဝင်ဂိတ်မှာ ကျူးလွန်သူ မြတ်သူရကျော်ကို သူရဲ့ ဇနီး အေးစုအိစံ(ခေါ်)ဘေဘီ(၂၆)နှစ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖမ်းရမိသူ မြတ်သူရကျော်ကို စစ်ဆေးချက်အရ သေဆုံးသူ ဒေါ်စမ်းစမ်းအေးကို ပေးဖို့ အကြွေးတွေ ရှိတဲ့ အတွက် ငွေကြေးလိုအပ်ချက်ကြောင့် သတ်ခဲ့တာ ဖြစ်ကြောင်း၊ သူနဲ့အတူ ပြစ်မှုူကျူးလွန်သူ အမျိုးသားတစ် ယောက် (စိစစ်ဆဲ) ကိုလည်း ထပ်မံ ဖမ်းမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။