// | DailyBriefNews ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား -

ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကွေးမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားစဉ် ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ပြည်ပနိုင်ငံများမှလည်း ထောက်ခံအားပေးမှုများရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ကြောင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များဖြင့် မဲပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခြားနိုင်ငံတကာတွင်လည်း အဆိုပါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများ ကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင်လည်း ဒေသနှင့် နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖွဲစည်းပုံအခြေခံဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်ပါက တစ်ကြိမ်တည်းကျင်းပပြုလုပ်ရန်ဟု ဖော်ပြပါရှိကြောင်း၊ သို့သော်မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှုများ မရှိသေးကြောင်း၊ အလားတူအကြောင်းအမျိုးမျိုးကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်နေရလျက်ရှိသည့် မဲဆန္ဒရှင်များနှင့် ပြည်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင် ပြည်သူများကိုလည်း ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆင့်လိုက် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်စရာသားဦးရတနာကို အောင်မြင်စွာ မွေးဖွားခဲ့တဲ့ သွန်းဆက်
Next post (၁၉-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်