စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရေးတို့အတွက် ခိုင်မာသည့် မူပိုင်ခွင့်စနစ် တည်ရှိရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးတို့အတွက် ခိုင်မာတောင့်တင်းသည့် မူပိုင်ခွင့်စနစ်တည်ရှိရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ – ၂၀၂၅ တွင် ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားမှုသည် ကဏ္ဍအလိုက် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု၊ နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှု များပြားလာမှုစသည့် အချက်များအပေါ် တွင် မူတည်လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် မူပိုင်ခွင့်ကိစ္စသည် ပိုမိုကျယ်ပြန့်လာပြီး မရှိမဖြစ်လိုအပ်ချက် တစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ခိုင်မာတောင့်တင်းသည့် မူပိုင်ခွင့်စနစ်တည်ရှိနေခြင်းသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးတို့အတွက် များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်းပြီး နိုင်ငံတကာ၏ မူပိုင်ခွင့်စနစ် ကျင့်သုံးနေမှု အခြေအနေ၊ အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် ယခုကဲ့သို့ နိုင်ငံတကာမူပိုင်ခွင့် ညီလာခံကို ကျင်းပခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ မြင့်မားတိုးတက်စေရန်၊ ဆန်းသစ်တီထွင်မှု၊ ဖန်တီးနိုင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ကို မြှင့်တင်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှု ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့သည်လည်း ညီလာခံ၏ ရည်ရွယ်ချက်များပင်ဖြစ်ကြောင်း ယခုညီလာခံကြီးကို “မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့် ဂေဟစနစ်ကို အားကောင်းစေရန်” ဆိုသည့် ဦးတည်ချက်ဖြင့် ဆွေးနွေးသွားကြရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပုဒ်မ ၃၇(ဂ)တွင် “နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၇၂ တွင်လည်း “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်ကအာမခံသည်” ဟုလည်း ပြဋ္ဌာန်းထားကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အဆိုတော်ဟဲလေးရဲ့ “Karaoke” Music Video Watch Party အခမ်းအနားကျင်းပ