ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့် ပတ်သက်၍ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာ ကြားသည်။

ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦး ရေပမာဏ၊ နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့် လူဦးရေပမာဏတို့ကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း မြို့ပြနှင့်ကျေးလက်လူနေထိုင်မှု၊ အလုပ်အကိုင်ဆောင်ရွက်မှု၊ လူနေမှုပုံစံတို့ကို စနစ်တကျပြုစု၍ ယင်းအချက်အလက်များအပေါ်တွင်အခြေခံပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုမြှင့်တင်ဖော်ဆောင်နိုင်မည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို ပြည့်ပြည့်ဝဝအသုံးချနိုင်ရန်လိုပြီး တောင်ယာစိုက်ပျိုးခြင်းအစား လယ်၊ ကုန်းမြင့်လယ်စိုက်ပျိုးခြင်းကို ဆောင်ရွက်ရမည်ဟု မှာကြားသည်။

” လိုအပ်တဲ့ ရေအရင်းအမြစ်လုံလောက်စွာရရှိရေးနဲ့ သွင်းအားစုတွေပြည့်မီအောင်ထည့်သွင်းဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေးဇုန်တွေ အကောင်အထည်ဖော်ဆောင်ရာမှာ ဇုန်ဧရိယာတွေဖော်ထုတ်ကတည်းက ရေအရင်းအမြစ်ရရှိနိုင်မှု၊ ကုန်ထုတ်လမ်းဖော်ဆောင်ပေးနိုင်မှုနဲ့ တခြားအခြေခံအချက်အလက်တွေအားလုံးကို ထည့်သွင်းတွက်ချက်ပြီး သတ်မှတ်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့ပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် အခြေခံလိုအပ် ချက်(၄)ခုအပေါ်အခြေခံ၍ စဉ်းစားဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဟာသသရဲကားပုံစံ သူကြောက် ကိုယ်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနား ကျင်းပ
Next post UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိ အဆင့် (၁) နဲ့ လာမယ့် ဇွန်လ ၂၈ ရက်မှာ ပွဲဖြစ်တော့မယ့် Joshua Van