မြန်မာ့ရိုးရာအငွေ့အသက်များကို ပြန်လည်ခံစားနိုင်ရန် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ YCC တွင် ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်

အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust – MCHT) က ဦးစီးကျင်းပမည့် “မြန်မာ့ရိုးရာပွဲဈေး” ကို လာမည့် နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်အထိ နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) Inya Lake တွင် နာမည်ကြီး အနုပညာရှင်များပါဝင်လျက် ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပွဲတော်တွင် ဆိုင်ခန်းပေါင်း ၁၅၅ ခန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာများ၊ ရိုးရာအဝတ်အထည်များ၊ တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများနှင့် အသုံးအဆောင်များကို တစ်နေရာတည်း၌ ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် နိုဝင်ဘာ ၆ ရက်တွင် စမ်းရေမိုးဇာတ်ပွဲ၊ နိုဝင်ဘာ ၇ ရက်တွင် Project K အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ယဉ်ကျေးမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ၊ ရိုးရာစားသောက်ကုန်များ လက်တွေ့ပြုလုပ်ပြသခြင်းနှင့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စည်ကားစွာ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါတယ်။
