ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စိန်ပန်းပြာပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး

DBN News
ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ ထင်းကြိုးဝိုင်း၊ အကွက် အမှတ် (၂)၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ စိန်ပန်းပြာပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။

သစ်တောသစ်ပင်များသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန် ရပ်တည်နိုင်ရေး အတွက် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် နိုင်ငံနှင့်အဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်များကို နှစ်စဉ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ(၁၃) ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အပင်ပေါင်း (၃,၀၀၀) စိုက်ပျိုးခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အသီးသီး၌လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပခဲ့ရာ သစ်ပင်စိုက်ပွဲ (၁၁၁) နေရာ၊ အပင်ပေါင်း (၈၀,၅၂၀) ကို ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်တွင်လည်း နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို နေပြည်တော်၌ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး သစ်မျိုး(၁၄)မျိုး၊ အပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးခဲ့ကြောင်း၊ ယခု နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဧရိယာအတွင်း မေမြို့ ထင်းကြိုးဝိုင်းအကွက်အမှတ် (၂)အတွင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး၊ မဟော်ဂနီ၊ ချယ်ရီ၊ ဆီသပြေ၊ ပျဉ်းကတိုး၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေ၊ ခါတော်မီ သစ်မျိုး(၈)မျိုး၊ အပင် (၃,၀၀၀) ကို စိုက်ပျိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဒေသ၏ အေးမြသည့်ရာသီဥတုအပါအဝင် သစ်ပင်သစ်တောများဖြင့် ပိုမိုစိမ်းလန်းစိုပြည် သော၊ ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော၊ သန့်ရှင်း ကောင်းမွန်သော စံနမူနာထားရသည့်မြို့ပြတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ကို နောင်မျိုးဆက်သစ်များ အား လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ယခုနှစ်ကစပြီး ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းကို ပြင်ဦးလွင်မြို့၏ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် သစ်တောစိုက်ခင်းများ ထုနှင့်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၂,၀၀၀ ကို စိုက်ကွက် (၁၅)ကွက်၊ သစ်မျိုး(၁၉)မျိုး၊ ပျိုးပင်ပေါင်း (၄၀၀,၀၀၀) ဖြင့် စတင် စိုက်ပျိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်မြင်စေရေးအတွက် သေပင်ဖာထေးခြင်း၊ ပေါင်းရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ မီးကာကွယ်ခြင်း လုပ်ငန်းများကို ရာသီအလိုက် ဆောင်ရွက်သွားကြရန်၊ လူနှင့်တိရစ္ဆာန်တို့ဖျက်ဆီးခြင်း မခံရအောင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် တာဝန်ရှိဝန်ထမ်းများကို မှာကြားလိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ ထင်းကြိုးဝိုင်း၊ အကွက်အမှတ် (၂)၌ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော် အဆင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများ ဖြစ်ကြ သည့် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ပျဉ်းကတိုး၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများ ဖြစ်ကြသည့် ဆီသပြေ၊ ခါတော်မီ စသည့် သစ်မျိုး ၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုး နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။



