// | DailyBriefNews လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန် တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံး ပါဝင်နိုင်ရေး ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား -

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန် တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံး ပါဝင်နိုင်ရေး ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆

“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်များ ပိုမိုတိုးတက်လာစေရေးအတွက် ကုန်ကြမ်းထုတ်လုပ်မှုမှသည် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ စက်မှုလုပ်ငန်းများ၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဟန်ချက်ညီညီ ချိတ်ဆက်ဖော်ဆောင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် စိုက်ပျိုး၊ မွေးမြူ၊ သစ်တောကဏ္ဍ၌ လုပ်ကိုင်သူ များပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျ ဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်စေရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။ ထို့ပြင် မိရိုးဖလာ စိုက်ပျိုးရေးမှ စီးပွားဖြစ် စိုက်ပျိုးရေးသို့ ကူးပြောင်းကာ “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရေး၊ လယ်ယာသုံး စက်ကိရိယာ အသုံးပြုမှု မြှင့်တင်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးတို့ကို ဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့ပါတယ်။

လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန်၊ ဝါနှင့် ဝါးကဲ့သို့သော ထုတ်ကုန်များကို တန်ဖိုးကွင်းဆက်တစ်လျှောက် ကုန်ချောအထိ ထုတ်လုပ်နိုင်ရေး အလေးထားရန်နှင့် မွေးမြူရေးကဏ္ဍ၌လည်း ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။

ထို့ပြင် ဒေသထွက် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန်နှင့် Digital Agriculture၊ Precision Agriculture၊ AI နည်းပညာများကို သီးနှံ၊ ရာသီဥတုနှင့် ဈေးကွက်အချက်အလက်များပေါ် မူတည်၍ လက်တွေ့ အသုံးချရန် လိုအပ်ကြောင်း ဆိုပါတယ်။ နိဂုံးချုပ်အနေဖြင့် အစိုးရ၊ တောင်သူများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ဘဏ်များနှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်း၍ လက်တွေ့ကျသည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာရေး ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်ဝမ်၊ တိုင်ချွန်မြို့ရှိ ရုံးခန်းရေခဲသေတ္တာအတွင်းမှ ပျောက်ဆုံးနေသည့် ထိုင်းအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိ
Next post မော်စကိုအပါအဝင် ရုရှားနိုင်ငံအတွင်းသို့ ယူကရိန်းက ဒရုန်းအစင်း ၁,၀၀၀ ကျော်ဖြင့် သမိုင်းတစ်လျှောက် အကြီးမားဆုံး တိုက်ခိုက်