မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၃) အပြီး ISPE အသင်း ဦးဆောင်

ဇူလိုင် ၂၊ ၂၀၂၆
ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၃) အပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်တဲ့အသင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ISPE အသင်းက ဦးဆောင်နေလျက်ရှိကြောင်း သိရပါတယ်။
ပွဲစဥ် (၃) မှာ ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို (၂-၁) ဂိုး၊ Young Lionesses အသင်းက ရန်ကုန်စီးတီးအသင်းကို (၉-၀) ဂိုး၊ ISPE အသင်းက ဧရာဝတီအသင်းကို (၂-၁) ဂိုး၊ ရတနာပုံအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို (၇-၁) ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို (၂-၀) ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ကြကြောင်း သိရပါတယ်။ ပွဲစဥ် (၃) အပြီးမှာ ISPE အသင်းနဲ့ ရန်ကူန်ယူနိုက်တက်အသင်းတို့က (၃) ပွဲကစား၊ (၃) ပွဲနိုင်၊ ရမှတ် (၉) မှတ်စီ ရရှိနေပြီး ISPE အသင်းက ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် အသင်း (၁၀) သင်းစလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ MFF ရဲ့ တရားဝင်ထုတ်ပြန်မှုအရ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းက ဆုကြေး ကျပ်သိန်း (၁၀၀၀)၊ ဒုတိယ ကျပ်သိန်း (၇၀၀)၊ တတိယ ကျပ်သိန်း (၅၀၀)၊ အဆင့် (၄) ကျပ်သိန်း (၃၀၀)၊ အဆင့် (၅) ကျပ်သိန်း (၂၀၀)၊ အဆင့် (၆) ကျပ် (၁၇၅) သိန်း၊ အဆင့် (၇) ကျပ်သိန်း (၁၅၀)၊ အဆင့် (၈) ကျပ် (၁၂၅) သိန်း၊ အဆင့် (၉) ကျပ်သိန်း (၁၀၀) နဲ့ အဆင့် (၁၀) ကျပ် (၇၅) သိန်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲဝင်အသင်း (၁၀) သင်းစလုံးကို အခြေခံထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ကျပ်သိန်း (၅၀၀) စီ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် MFF က သတ်မှတ်ထားသော Development Criteria များနဲ့ ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့အသင်းများကို ကျပ်သိန်း (၂၀၀) စီ ထပ်မံပေးအပ်သွားဖို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။
ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ ဧရာဝတီ၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ မြဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီ၊ Young Lionesses၊ ရတနာပုံနဲ့ ဇွဲကပင်ယူနိုက်တက်အသင်း (၁၀) သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဧရာဝတီအသင်းဟာ ချန်ပီယံဆုကြေး ကျပ်သိန်း (၅၀၀) သာ ရရှိခဲ့တာဖြစ်ပါတယ်။
