// | DailyBriefNews အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊ ဧရာဝတီအသင်း အုပ်စု (F) တွင် ကျရောက် -

အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ပဏာမခြေစစ်ပွဲ မဲခွဲရလဒ်ထွက်ပေါ်၊ ဧရာဝတီအသင်း အုပ်စု (F) တွင် ကျရောက်

ဇူလိုင် ၂၊ ၂၀၂၆

၂၀၂၆-၂၀၂၇ ရာသီ AFC Women’s Champions League (AWCL) ပဏာမခြေစစ်ပွဲအတွက် မဲခွဲပွဲကို ယနေ့ ဇူလိုင် ၂ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် အုပ်စု (F) တွင် ကျရောက်ခဲ့ကြောင်း သိရပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းသည် ပဏာမခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး မဲခွဲရလဒ်အရ တရုတ်တိုင်ပေကလပ် New Taipei City Hang Yuan FC၊ စင်ကာပူကလပ် FC Jurong နဲ့ လက်ဘနွန်ကလပ် No Limits FC တို့နဲ့ တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

ပဏာမခြေစစ်ပွဲစဉ်များကို သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံအပါအဝင် သတ်မှတ်ထားတဲ့ အိမ်ရှင်နိုင်ငံများတွင် Centralized Round-robin စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါတယ်။

ပြိုင်ပွဲစည်းမျဉ်းအရ ပဏာမခြေစစ်ပွဲ အုပ်စု ၆ စုမှ အုပ်စုပထမရရှိတဲ့ အသင်း ၆ သင်းသာ လိဂ်အဆင့် (League Stage) သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါတယ်။

ယခုနှစ် AFC Women’s Champions League ပြိုင်ပွဲတွင် AFC အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံမှ ကလပ်အသင်း ၃၀ အထိ စံချိန်တင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမိုင်းဝင်ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်များအရ လက်ရှိချန်ပီယံ နာဂိုယန်း (မြောက်ကိုရီးယား)၊ မဲလ်ဘုန်းစီးတီး (သြစတြေးလျ)၊ ဟွာချွန်း KSPO (တောင်ကိုရီးယား)၊ အိုင်နက်ခ် ကိုဘီလီယွန်နက်ဆာ (ဂျပန်)၊ ပေကျင်းဂျင်းတန် (တရုတ်)နှင့် ဟိုချီမင်းစီးတီး (ဗီယက်နမ်) တို့မှာ လိဂ်အဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိထားပြီး ကျန်အသင်း ၂၄ သင်းမှာ ပဏာမခြေစစ်ပွဲကို ဖြတ်ကျော်ရမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သေကြောင်းကြံစည်တဲ့ အမျိုးသမီးကို ကယ်လိုက်တဲ့ ကယ်တင်ရှင်
Next post မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၃) အပြီး ISPE အသင်း ဦးဆောင်