// | DailyBriefNews အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်သည့် သမဝါယမစနစ်ဖြင့်စိုက်ပျိုးရေးကို ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်ဟု နစကဥက္ကဌ ပြော -

အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်သည့် သမဝါယမစနစ်ဖြင့်စိုက်ပျိုးရေးကို ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်ဟု နစကဥက္ကဌ ပြော

စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့်စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလိုအပ်ပြီးသမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်း သည် အသင့်လျော်ဆုံးဖြစ်ကြောင်းနစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ယမန်နေ့ (ဩဂုတ် ၆)ရက်နေ့တွင်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက် ရေး ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့စဉ် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် အဓိကကျကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ် မှုများ အားကောင်းလာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း နစကဥက္ကဌကပြောသည်။

ထို့ပြင်မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည်မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း စားသုံးဆီ များကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ မြေပဲနှင့်နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ်ပြည်ပသို့ တင်ပို့ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ် အသုံးပြုခြင်းများရှိကြောင်း၊အထွက်နှုန်းများသည်လည်း ပန်းတိုင်ရည်မှန်းချက် အတိုင်း ထွက်ရှိခြင်းမရှိသောကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ ပိုမိုများပြားလျက်ရှိနေကြောင်း၊ ဆီထုတ်လုပ်ရာ တွင်လည်းဆီကြိတ်စက်များ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။

စိုက်ပျိုးရေးကိုတစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက် နိုင်မည်ဆိုပါက ပျားရည်ထုတ်လုပ်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်းကောင်း၊စပါးနှင့်ပတ်သက်၍လည်းကောင်း၊မွေးမြူရေးနှင့်ပတ်သက်၍လည်းကောင်း နစကဥက္ကဌမှ ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ တတ်ရောက်လာသည့်သူများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် သမဝါယမစနစ်သည် အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွစုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှထွက်ရှိလာသည့် ဆီများကို ဒေသတွင်းအပြင်အခြားပြင်ပ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း၊ထိုသို့ဆောင်ရွက် နိုင်ရေး သမဝါယမအသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ထားရှိရန်လိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ယမန်နေ့ဆွေးနွေးဆောင်ရွက်ခဲ့သည်များမှ အရေးကြီးသည့်အချက်အလက်များကို အောက်ခြေအဆင့်အထိရောက်သည်အထိ အဆင့်ဆင့် အသိပေးဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်း မျိုးသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊မွေးမြူခြင်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယမန်နေ့တွင်ဆွေးနွေးခဲ့သည့်ကဏ္ဍအလိုက်ဖော်ထုတ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Miss Grand International သရဖူဆုကို မြန်မာနိုင်ငံ အတွက် ယူဆောင်ပေးမယ့်ဆိုတဲ့ အလှမယ် သဲစုညိမ်း