ပရီးမီးယားလိဂ်တွင် ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သည့် မန်ယူအသင်း

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆
ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုအနေဖြင့် အယ်လန်ရုဒ် (Elland Road) ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် လိဒ်စ်ယူနိုက်တက်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ ၁ ဂိုးစီဖြင့် သရေကျခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်းတွင် မန်ယူအသင်းအတွက် တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုက ယူရီ တီလီမန်းစ်၏ ဖန်တီးပေးမှုကို အသုံးချကာ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဧည့်သည် မန်ယူအသင်းက ပထမပိုင်းကို ၁ ဂိုး – ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
သို့သော် ဒုတိယပိုင်း ပွဲစတင်ပြီး မကြာမီ ပွဲချိန် ၅၁ မိနစ်တွင် လိဒ်စ်အသင်းအတွက် တိုက်စစ်မှူး ဒိုမီနစ် ကယ်ဗာတ်-လီဝင်က ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးသည် အန်တိုန် စတက်ချ်၏ ထောင့်ကန်ဘောမှတစ်ဆင့် တာရစ် မူဟာရီမိုဗစ်၏ ခေါင်းတိုက်ပေးမှုကို ကယ်ဗာတ်-လီဝင်က အဆုံးသတ်ပေးခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းဘက်မှ နောက်ခံလူ လီဆန္ဒာ မာတီနက်ဇ်မှာ ဒဏ်ရာပြဿနာကြောင့် ပထမပိုင်းအပြီးတွင် လူစားလဲလှယ်ခဲ့ရကာ နည်းပြ မိုက်ကယ်ကာရစ်အနေဖြင့် နောက်တန်းကို သုံးယောက်တန်းပုံစံ ပြောင်းလဲကစားခဲ့ရသည်။ နှစ်ဖက်စလုံးက အနိုင်ဂိုးရရှိရန် ဆက်လက် ကြိုးပမ်းခဲ့ကြသော်လည်း ထပ်မံသွင်းဂိုးများ မပေါ်ထွက်လာတော့ဘဲ ပွဲအဆုံးတွင် ရလဒ်မှာတစ်ဖက် ၁ ဂိုးစီဖြင့်သာ ပြီးဆုံးခဲ့ပါတယ်။
