မုံရွာ-မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်ကို PDF များ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းတစ်ပါးအပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၆
မန္တလေးမြို့မှ မုံရွာမြို့သို့ မောင်းနှင်လာသည့် AD Van အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်တစ်စီးကို စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းက မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ် ၄၂/၅ အရောက်၌ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ငပုတောမြို့နယ်မှ ဒေါ်ဝေဝေလွင်မှာ မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ သီလာစာရ၊ မမီမီသန့်နှင့် ယာဉ်မောင်းဖြစ်သူ ဦးဇင်ကိုအောင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးအဖွဲ့များက မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ အရပ်သားပြည်သူများနှင့် ရဟန်းသံဃာများ စီးနင်းလာသည့် ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
