အာဆင်နယ်ကို ချန်ပီယံဖြစ်စေခဲ့သည့် နည်းပြ အာတီတာ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆
ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာသည် အသင်းနှင့် လစာတိုးမြှင့်ထားသည့် စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
စပိန်လူမျိုး နည်းပြ အာတီတာ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်သစ်အတွက် လအတော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ စာချုပ်သက်တမ်း အတိအကျကို အတည်မပြုရသေးသော်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်တာဝန်ယူခဲ့သည့် အာတီတာအနေဖြင့် အာဆင်နယ်အသင်းတွင် အနည်းဆုံး ၁၀ နှစ်အထိ တာဝန်ထမ်းဆောင်သွားမည့် သဘောတူညီချက် ဖြစ်ပါတယ်။
စာချုပ်သစ်တွင် လက်ရှိရရှိနေသည့် တစ်နှစ်လျှင် ပေါင် ၁၀ သန်း (ဆုကြေး ပေါင် ၅ သန်းအပါအဝင်) ထက် လစာငွေ သိသိသာသာ တိုးမြှင့်ရရှိမည် ဖြစ်ပါတယ်။ အာတီတာကလည်း အသင်းတွင် ဆက်လက်ရှိနေလိုပြီး လက်တွဲလုပ်ကိုင်နေသူများနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည့် အာတီတာသည် အသင်းကို ရေရှည်အောင်မြင်မှုများ ရရှိသည့် အင်အားကြီးအသင်းတစ်သင်းအဖြစ် ဆက်လက် တည်ဆောက်သွားရန် ပစ်မှတ်ထားနေကြောင်း သတင်းရရှိပါတယ်။
