ဆော်ဒီအာရေဗျသို့ F-35 ကိုယ်ပျောက် တိုက်လေယာဉ် ၄၈ စင်း ရောင်းချရန် အမေရိကန် ခွင့်ပြု

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆
အမေရိကန် အစိုးရက ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ F-35 ကိုယ်ပျောက် တိုက်လေယာဉ် ၄၈ စင်း ရောင်းချရန် စက်တင်ဘာလ ၁၇ ရက်တွင် ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ အဆိုပါ ရောင်းချမှုအတွက် အမေရိကန် လွှတ်တော်၏ အတည်ပြုချက်ကို ဆက်လက် ရယူရမည် ဖြစ်ပါတယ်။
ယခု ရောင်းချမှုသည် အီရန်နှင့် ပဋိပက္ခများ စတင်ချိန်မှစ၍ ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး လက်နက်ဝယ်ယူမှု ဖြစ်လာပြီး၊ ဆော်ဒီ၏ ပြည်တွင်း ကာကွယ်ရေး စွမ်းရည်နှင့် လေကြောင်း တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းတွင် F-35 လေယာဉ်များကို အသုံးပြုနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည့် အစ္စရေးက စိုးရိမ်မှုများ ရှိနေသော်လည်း၊ ယခု ရောင်းချမှုသည် ဒေသတွင်း စစ်ရေးအင်အား မျှခြေကို ပြောင်းလဲစေမည် မဟုတ်ဘဲ အစ္စရေး၏ စစ်ရေးအရ သာလွန်မှု မူဝါဒနှင့်လည်း ကိုက်ညီမှုရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

အမေရိကန်သည် ယခုစက်တင်ဘာလအတွင်း၌ပင် ဆော်ဒီနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိ ဗုံးအလုံးရေ ၁၀,၀၀၀ ကျော်နှင့် ဒေါ်လာ ၇၅၀ သန်းတန်ဖိုးရှိ တင့်ကားအင်ဂျင်များကို ရောင်းချရန် သဘောတူညီခဲ့ပြီး ဖြစ်သဖြင့် ယခု F-35 ရောင်းချမှုမှာ ယခုနှစ်အတွင်း အဓိကကျသော နောက်ဆုံး လက်နက်ဝယ်ယူမှု ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ကြောင်း သတင်းရရှိပါတယ်။
