အိန္ဒိယသံရုံးက စီစဉ်ကျင်းပသည့် ဟိန္ဒူဘာသာဝင်တို့၏ ဂဏေရှ်ပွဲတော်သို့ သာသနာရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆
အိန္ဒိယသံရုံးမှ စီစဉ်ကျင်းပသည့် Ganesh Utsav ဂဏေရှ်ပွဲတော် (ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းပွဲတော်) အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း (Hexagon Complex) ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် သံတမန်များ၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရိုးရာအတိုင်း ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုပွဲတော်သည် မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်များအတွက် ဘာသာရေးနှင့် ယဉ်ကျေးမှု အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် ပွဲတစ်ခုဖြစ်ပြီး၊ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများကို ပိုမိုတိုးတက် ခိုင်မာလာစေမည်ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခမ်းအနားတွင် SVCC စင်တာမှ အိန္ဒိယယဉ်ကျေးမှုအဖွဲ့များက အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိပါတယ်။
