အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဆွေးနွေးပွဲသို့ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးကော်မတီဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံစဉ် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်ခဲ့မှုများ၊ ယခင်သဘောတူညီချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာများကို ပြောကြားခဲ့ပြီး၊ RCSS အတွင်းရေးမှူး (၁) ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တရားဝင် ဖိတ်ခေါ်ခဲ့မှုအား ကြိုဆိုကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွား၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး/အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

ထို့နောက် တက်ရောက်လာသူများသည် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ဆွေးနွေးချက်များအား မှတ်တမ်းတင် ညှိနှိုင်းလက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
