၂၀၂၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၈၃ မှုမှ တရားခံ ၂၃၅ ဦး ဖမ်းဆီးပြီး လူကုန်ကူးခံရသူ ၁၄၃ ဦး ကယ်တင်နိုင်ခဲ့ကာ အဓမ္မလက်ထပ်စေမှုမှာ အများဆုံးဖြစ်ကြောင်း သိရ

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေဖြင့် ဖော်ထုတ်အရေးယူမှု ၈၃ မှုမှ တရားခံ ၂၃၅ ဦးအား တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာအရ သိရပါတယ်။
အဆိုပါ လူကုန်ကူးမှုများအနက် အဓမ္မလက်ထပ်စေမှုမှာ ၆၃ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ပြီး အဓမ္မအလုပ်ခိုင်းစေမှု ၁၅ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ်စေမှု ၁၄ ဒသမ ၄၆ ရာခိုင်နှုန်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ အဓမ္မပြုလုပ်စေမှု ၄ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူမှု ၁ ဒသမ ၂၀ ရာခိုင်နှုန်းတို့ ဖြစ်ကြပါတယ်။ ပြစ်ဒဏ်ချမှတ်မှု အနေဖြင့် အမှု ၆၉ မှုမှ တရားခံ ၁၂၂ ဦးကို ထောင်ဒဏ် ၂၅ နှစ်မှ ၁၀ နှစ်အောက်အထိ ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသသို့ တရားမဝင် ပို့ဆောင်ရန် စည်းရုံးမှုများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် ၂၃ မှု အရေးယူခဲ့ကာ တရားခံ ၇၃ ဦးအား ဖမ်းဆီး၍ ပို့ဆောင်ခံရသူ ၅၉ ဦးကို ကူညီကယ်တင်ပေးနိုင်ခဲ့ပါတယ်။ နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့် နိုင်ငံခြားသားများကိုလည်း သက်ဆိုင်ရာ သံရုံးများနှင့် INTERPOL NCB လမ်းကြောင်းများမှတစ်ဆင့် မိခင်နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
