အကြမ်းဖက် AA မှ ပလက်ဝ၌ ၁၂ တန်း မြန်မာစာအား ရခိုင်ဘာသာ သင်ရိုးသစ်ဖြင့် သင်ကြားနေမှုသည် ဒေသခံ ချင်းလူမျိုးများအား မထီမဲ့မြင်ပြုရာရောက်ဟု ဆို

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
အကြမ်းဖက် AA အဖွဲ့က လူမျိုးရေး လွှမ်းမိုးလိုစိတ်ဖြင့် ၁၂ တန်း မြန်မာစာကို ရခိုင်ဘာသာ သင်ရိုးသစ်ဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း သင်ကြားပေးနေခြင်းမှာ ဒေသခံ ချင်းတိုင်းရင်းသားများအား မထီမဲ့မြင်ပြုရာ ရောက်ကြောင်း ပလက်ဝဒေသခံများနှင့် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) တို့က ပြောဆိုလိုက်ပါတယ်။

အဆိုပါ သင်ရိုးသစ်တွင် မြန်မာဘာသာစာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုများကို ဖယ်ရှား၍ ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးများနှင့် သက်ဆိုင်သည့် သမိုင်း၊ ယဉ်ကျေးမှု၊ ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုများကို ပြောင်းလဲထည့်သွင်းကာ ဩဂုတ်လမှစ၍ စတင်သင်ကြားနေခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဒေသခံများ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်ဆောင်နေမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြား ချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး၊ တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြားစေသည့်အပြင် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း GKO က စက်တင်ဘာ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
AA အဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ သံတွဲ၊ တောင်ကုတ်၊ အမ်း နှင့် ဂွ စသည့် မြို့နယ်များကို ယာယီထိန်းချုပ်ထားပြီး ယင်းစိုးမိုးရာ ဒေသများအားလုံးတွင် အဆိုပါ သင်ရိုးသစ်အတိုင်း ပြောင်းလဲသင်ကြားနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
