ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးအား ခြိမ်းခြောက်မှုဖြင့် ဖမ်းဝရမ်းထုတ်ပြန်

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၆
ဖိလစ်ပိုင် တရားရုံးတစ်ရုံးသည် ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) အား သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းတို့အား ခြိမ်းခြောက်မှု စွဲချက် ၃ ခုဖြင့် ဖမ်းဆီးရန် စက်တင်ဘာ ၄ ရက်တွင် ဝရမ်းထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမှုအတွက် တစ်ခုစီလျှင် အာမခံငွေ ပီဆို ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၀ ခန့်) သတ်မှတ်ထားပါတယ်။
ယင်းစွဲချက်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း သူမက လုပ်ကြံသူတစ်ဦးနှင့် ပြောဆိုခဲ့သည့် မှတ်ချက်များမှ စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဒူတာတေးကမူ မည်သည့် ခြိမ်းခြောက်မှုမျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ ဖမ်းဝရမ်း ထုတ်ပြန်ခံရမှုနှင့် ပတ်သက်၍ ဒူတာတေးက မိသားစုအတွက် စိုးရိမ်မိကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့ပြီး၊ သူမ၏ ရှေ့နေကလည်း တရားဥပဒေဆိုင်ရာ ကုစားနည်းများဖြင့် ဆက်လက် ရင်ဆိုင်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။
ထို့ပြင် ဒူတာတေးသည် အစိုးရ ရန်ပုံငွေ အလွဲသုံးစားပြုမှု စွပ်စွဲချက်များ၊ စွပ်စွဲပြစ်တင်မှု (Impeachment) များဖြင့်လည်း အထက်လွှတ်တော်၌ တရားစွဲဆို စစ်ဆေးခံနေရပြီး ပြစ်ဒဏ်ကျခံရပါက ရာထူးမှ ဖယ်ရှားခံရနိုင်သည့်အပြင် ၂၀၂၈ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးမည်ဖြစ်ကြောင်း သိရပါတယ်။
