အိန္ဒိယတွင် ဖမ်းဆီးခံထားရသည့် အမေရိကန် ကြေးစားစစ်သားဟောင်း မက်သရူး ဗန်ဒိုက် လွတ်မြောက်ရေး အမေရိကန်အစိုးရအား ဝင်ရောက်ကူညီရန် မိသားစု တောင်းဆို

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံဘက်ခြမ်းမှ ချင်း၊ KIA နှင့် AA စသည့် လက်နက်ကိုင်အဖွဲ့များကို စစ်ရေးနည်းဗျူဟာနှင့် ဒရုန်းသင်တန်းများ ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ၏ ဖမ်းဆီးခြင်းခံထားရသည့် အမေရိကန် ကြေးစားစစ်သားဟောင်း မက်သရူး ဗန်ဒိုက် (Matthew VanDyke) လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရအနေဖြင့် သံတမန်ရေးအရ အရေးပေါ် ဝင်ရောက်ကူညီပေးရန် ၎င်း၏ မိသားစုက တောင်းဆိုလိုက်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ဗန်ဒိုက်သည် ၂၀၂၆ ခုနှစ် ဧပြီလကတည်းက ဒေလီမြို့ရှိ တီဟာ (Tihar) အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး၊ ထောင်တွင်း၌ သီးခြားခွဲထားခံရကာ အခြေခံရပိုင်ခွင့်များ ငြင်းပယ်ခံထားရသည်ဟု မိသားစုက စွပ်စွဲထားပါတယ်။
ထို့အပြင် ပုံမှန်ထောင်စာ မစားသောက်နိုင်၍ အစာငတ်ခံဆန္ဒပြခဲ့ရာမှ ခန္ဓာကိုယ်အလေးချိန် ၁၄ ကီလိုဂရမ်ခန့် ကျဆင်းသွားသည့်အပြင် ကျန်းမာရေးနှင့် ဆေးဝါးကုသမှု ရရှိရေးတွင်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါတယ်။

အိန္ဒိယ ဒေလီအထူးတရားရုံးက NIA အာဏာပိုင်များကို တီဟာအကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေးခွင့် ပေးထားပြီး အိန္ဒိယအစိုးရကမူ ယခုအမှုကို အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ ကိစ္စအဖြစ် သတ်မှတ်ထားပါတယ်။
ဗန်ဒိုက်၏ ရှေ့နေများနှင့် မိသားစုက စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းအား အမြန်ဆုံး အိမ်ပြန်ခေါ်နိုင်ရေးအတွက် အမေရိကန် ကောင်စစ်ဝန်ရုံးနှင့် အစိုးရ၏ ဝင်ရောက်စွက်ဖက် ကူညီမှုကို လိုလားနေကြပါတယ်။
