အာဆင်နယ်က ရီးရဲလ်၊ ဘိုင်ယန်တို့နှင့် တွေ့ဆုံနေပြီး မန်စီးတီးနှင့် ဗီလာတို့ PSG နှင့် တွေ့ဆုံမည့် ချန်ပီယံလိဂ် မဲခွဲပွဲ

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
၂၀၂၆- ၂၀၂၇ ခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့် (League phase) မဲခွဲပွဲကို မနေ့ကကျင်းပခဲ့ရာ ပြီးခဲ့သည့်ရာသီက ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည့် အာဆင်နယ်အသင်းသည် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့အပြင် ဒေါ့မွန်၊ နာပိုလီတို့နှင့်ပါ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အခြား အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် မန်စီးတီးနှင့် အက်စတွန်ဗီလာတို့သည် လက်ရှိချန်ပီယံ PSG အသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်စီးတီးသည် ဘာစီလိုနာ၊ နာပိုလီတို့နှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကလည်း အင်တာမီလန်၊ အက်သလက်တီကို မက်ဒရစ်၊ ပေါ်တိုတို့နှင့် တွေ့ဆုံနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း အက်သလက်တီကို မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ရိုးမားတို့နှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။

ပထမအဆင့် ပွဲစဉ်များကို စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမ ပွဲစဉ် ၆ ပွဲကို ဒီဇင်ဘာလအထိ ကျင်းပသွားမည် ဖြစ်ကာ ဇန်နဝါရီ ၂၇ ရက်၌ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကြမည် ဖြစ်ပါတယ်။
အုပ်စုအဆင့်ကို ဇယားထိပ်ဆုံးမှ ၈ သင်းက မတ်လတွင် ကျင်းပမည့် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး အဆင့် ၉ မှ ၂၄ အထိ အသင်းများက ဖေဖော်ဝါရီလ၌ ပလေးအော့ဖ်ပွဲစဉ်များ ယှဉ်ပြိုင်ကာ ကျန် ၁၆ သင်းအဆင့် နေရာများကို လုယူရမည် ဖြစ်ပါတယ်။
ရှုံးထွက်အဆင့် ကွာတားဖိုင်နယ်နှင့် ဆီးမီးဖိုင်နယ် ပွဲစဉ်များကို ဧပြီလတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ မက်ဒရစ်မြို့ရှိ Wanda Metropolitano ကွင်း၌ ကျင်းပသွားမည် ဖြစ်ပါတယ်။

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆက်စ် ဖာဘရီဂတ်စ် ကိုင်တွယ်နေသည့် အီတလီကလပ် ကိုမို၊ ဩစတြီးယားကလပ် LASK၊ နော်ဝေးကလပ် ဗိုင်ကင်းနှင့် အဇာဘိုင်ဂျန်ချန်ပီယံ ဆာဘာအသင်းတို့ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြပါတယ်။
ထို့အပြင် မန်စီးတီး ကွင်းလယ်လူဟောင်း ယာယာတူးရေး ဦးဆောင်သည့် ဆလိုဗက်ကီးယား ချန်ပီယံ ဆလိုဗန် ဘရာတီဆလာဗာ အသင်းသည်လည်း ပလေးအော့ဖ်ကို ဖြတ်ကျော်ကာ အာဖရိကလူမျိုး နည်းပြတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ပြိုင်ပွဲကြီးသို့ တက်ရောက်နိုင်ခဲ့သည့် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။
