မလေးရှားတွင် ဩစတြေးလျ ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း တရားစွဲခံရ

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဂျော့ချ်တောင်းရှိ ရာဇဝတ်ဆိုင်ရာ ခရိုင်တရားရုံးတွင် အသက် ၃ နှစ်အရွယ် ဩစတြေးလျ ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အသက် ၃၀ အရွယ် မြန်မာ ဟိုတယ်ဝန်ထမ်း အောင်ဖြိုးဝင်း အား စွဲချက်တင်ခဲ့ရာ ၎င်းက အပြစ်မရှိကြောင်းနှင့် တရားရင်ဆိုင်မည်ဖြစ်ကြောင်း လျှောက်လဲခဲ့ပါတယ်။
အဆိုပါ ပြစ်မှုကို ဩဂုတ် ၂၀ ရက် ညပိုင်းက လိုရောင်း ဘာရူးရှိ အစားအသောက်ဆိုင်တစ်ခုတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားပြီး၊ ၂၀၁၇ ခုနှစ် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၄(a) ဖြင့် စွဲချက်တင်ခံထားရကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အများဆုံး ၂၀ နှစ်နှင့် ကြာပွတ်ဒဏ်တို့ ကျခံရနိုင်ပါတယ်။
တရားခွင်အတွင်း စွပ်စွဲခံရသူဘက်မှ ရှေ့နေက မလေးရှားနိုင်ငံသား ၂ ဦး၏ အာမခံဖြင့် အာမခံလျှောက်ထားခဲ့ပြီး နိုင်ငံကူးလက်မှတ်အား ရဲထံ အပ်နှံထားကြောင်း တင်ပြခဲ့သော်လည်း၊ တရားလိုပြရှေ့နေက နိုင်ငံကူးလက်မှတ် ခိုင်မာမှု အတည်ပြုချက် မရသေးသဖြင့် အာမခံပေးသည်ကို ကန့်ကွက်ခဲ့ပါတယ်။ ထို့ကြောင့် တရားသူကြီးက အာမခံကို ပယ်ချခဲ့ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရန်နှင့် အမှုကို ပြန်လည်စစ်ဆေးရန် စက်တင်ဘာ ၂၈ ရက်သို့ ချိန်းဆိုလိုက်ပါတယ်။
