Myanmar Business Trade Show & Travel Expo 2026 ကို ၃ ရက်တိုင်တိုင် ကျင်းပမည်

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆
ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် နိုင်ငံပေါင်းများစွာ၏ စီးပွားရေးသံမှူးကြီးများ တစ်စုတစ်စည်းတည်း တွေ့ဆုံကြမည့် Myanmar Business Trade Show & Travel Expo 2026 ပွဲကြီးကို လာမည့် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲအရ သိရပါတယ်။

အဆိုပါပွဲကို STP Event Management မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး တာဝန်ရှိသူ ဒေါ်သင်းသင်းအောင်က ယခုပွဲသည် ဈေးရောင်းပွဲတော် သက်သက်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများကြောင့် ထိခိုက်ခဲ့သည့် ပြည်တွင်းစီးပွားရေးအတွက် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များနှင့် သံရုံးများအကြား ခိုင်မာသော စီးပွားရေး အချိတ်အဆက် (Networking) အခွင့်အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု Expo ပွဲကြီးတွင် အာရပ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နီပေါနှင့် သီရိလင်္ကာ သံရုံး ၅ ရုံးတို့မှ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သံရုံးပေါင်း ၄၀ ကျော်မှလည်း တက်ရောက်ကြမည် ဖြစ်ပါတယ်။ ထို့ပြင် MSMEs/SMEs များ၊ ခရီးသွားနှင့် ကျန်းမာရေး၊ သွင်းကုန်/ပို့ကုန်၊ ဘဏ်နှင့် အာမခံ၊ အိမ်ခြံမြေ၊ ကျောက်သံပတ္တမြားနှင့် FMCG စသည့် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြမည်ဖြစ်ကာ Project K အဖွဲ့မှလည်း ဖျော်ဖြေတင်ဆက်ပေးသွားမည် ဖြစ်ပါတယ်။

