“D.N.A မျိုးရိုးဗီဇ” နှင့် “The Girl In Painting” ရုပ်ရှင်ဇာတ်ကားနှစ်ကား စတင်ရိုက်ကူးမည်


ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆
စေတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးက နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်မယ့် “D.N.A မျိုးရိုးဗီဇ” နဲ့ “The Girl In Painting ပန်းချီကားထဲက မိန်းကလေး” ရုပ်ရှင်ဇာတ်ကားနှစ်ကား စတင်ရိုက်ကူးမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဩဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ Taw Win Garden Hotel မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို အကယ်ဒမီ ငြိမ်းမင်း၊ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) အပါအဝင် ရန်အောင်၊ လွင်မိုး၊ နေတိုး၊ မင်းဦး၊ ကျော်ကျော်ဗိုလ်၊ ဖူးစုံ၊ မယ်လိုဒီနဲ့ ကလေးသရုပ်ဆောင် Yuki Lay စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။


“D.N.A မျိုးရိုးဗီဇ” ဇာတ်ကားကို မဝတ်ရည် စီစဉ်ပြီး ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဝတ္ထု၊ ဇာတ်ညွှန်း ရေးသားရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရန်အောင်၊ လွင်မိုး၊ နေတိုး၊ ဖူးစုံ၊ မယ်လိုဒီ၊ အေးမြတ်သူ တို့နဲ့အတူ အထူးဧည့်သည်သရုပ်ဆောင်တွေအဖြစ် မို့မို့မြင့်အောင်၊ ကျော်ကျော်ဗိုလ်၊ ကလေးသရုပ်ဆောင် ယူကီ၊ ချောမေချစ်နဲ့ စောပြည့်ညိုတို့ ပါဝင်ထားကြပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်းကတော့ ဒီဇာတ်ကားဟာ ပရိသတ်တွေကြည့်ဖူးတဲ့ ကားတွေနဲ့မတူဘဲ ထူးခြားတဲ့ Entertainment နဲ့ Message တစ်ခုကို ပေးစွမ်းနိုင်မယ့် အင်အားကောင်းတဲ့ ကားတစ်ကား ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။



“The Girl In Painting ပန်းချီကားထဲက မိန်းကလေး” ဇာတ်ကားကို ဒါရိုက်တာ စစ်ဟန် က ဝတ္ထု၊ ဇာတ်ညွှန်း ရေးသားရိုက်ကူးမှာဖြစ်ပြီး အကယ်ဒမီ နေတိုး၊ မင်းဦးနဲ့ ကျော်ကျော်ဗိုလ်တို့က ခေါင်းဆောင်ပါဝင်မှာဖြစ်ကာ မင်းသမီးနေရာကိုတော့ လတ်တလော ရွေးချယ်နေဆဲ ဖြစ်ပါတယ်။
